DVB Logo
Home
မြန်မာသတင်း
စစ်တွေနှင့် ပုဏ္ဏားကျွန်းနယ်စပ်က ကျေးရွာများကို  စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ
DVB
·
October 1, 2024
စစ်တွေနှင့် ပုဏ္ဏားကျွန်းနယ်စပ်က ကျေးရွာများကို  စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ
Donate to DVB

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားမြို့နယ်အစပ်က ကျေးရွာပေါင်း ၈ ရွာကို စက်တင်ဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်က Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့နယ်က ဝါဘို၊ တောကန်၊ မင်းလှ၊ ညောင်ရည်ချောင်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ်က စပါးထား၊ ကွမ်းတောင်၊ ခမောင်းတော၊ အောင်မြေကုန်းကျေးရွာတွေကို စက်တင်ဘာ ၂၉ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ စစ်ဘေးတိမ်ရှောင်နေရတဲ့ စပါးထားကျေးရွာသားတယောက်က ပြောပါတယ်။

“လေကြောင်းတိုက်ခိုက်ခဲ့တာက စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကျေးရွာ ၈ ရွာကို Y-12 နဲ့ပတ်ပြီးတော့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်။ ကျနော်တို့ရွာမှာလည်း ဗုံးကြဲသွားတယ်လို့ သိရတယ်။ အထိအခိုက်အတိအကျတော့ မသိရသေးဘူး။ အခုဗုံးကြဲခံရတဲ့ ကျေးရွာတွေက ရွာသားတွေဟာ ၂၀၂၄ ခုနှစ် အစောပိုင်း လတွေကတည်းက စစ်ဘေးရှောင်နေကြရတာကြောင်း အရပ်သားထိခိုက်မှုတွေတော့ မရှိဘူး” လို့ပြောပါတယ်။

အခုလေကြောင်းတိုက်ခိုက်ခဲတဲ့ နေရာတွေဟာ ဩဂုတ်လကုန်ပိုင်းက စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မင်းလှကျေးရွာလည်း ပါဝင်ပြီးတော့ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျေးရွာတွေလည်းဖြစ်ပါတယ်။

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော်တို့အကြား ရံဖန်ရံခါ ပစ်ခတ်မှုတွေရှိနေကြပြီး စစ်ကောင်စီက စစ်တွေမြို့ တိုက်ခိုက်ခံရမှာကို စိုးရိမ်နေတာကြောင့် လေကြောင်းကနေ လက်ဦးမှုရယူမှုသဘောနဲ့ တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ရခိုင်စစ်ရေးအကဲခတ်တယောက်က ပြောပါတယ်။

“အာရက္ခတပ်တော်ဘက်က စစ်တွေမြို့အခြေစိုက် ဒကစကို ဝန်းရံပိတ်ဆို့ထားပြီးဆိုတာကို အတိအလင်း ကြေညာပြီးသားဖြစ်တယ်။ လက်ရှိမှာက စစ်ရေးဗျူဟာအရ မတိုက်ခိုက်တာ တခုဘဲ။ မြေပြင်မှာကလည်း နှစ်ဖက်တပ်တွေကြားမှာ မကြာခဏပစ်ခတ်မှုတွေက ရှိနေကြတယ်။ အထူးသဖြင့် စစ်ကောင်စီက စစ်တွေမြို့ သိမ်းပိုက်ခံရမှာကို အထူးစိုးရိမ်နေပြီးတော့ လေကြောင်းကနေ လက်ဦးမှုရယူလိုတဲ့ သဘောနဲ့ တိုက်ခိုက်တာဖြစ်နိုင်တယ်” လို့ပြောပါတယ်။

စစ်တွေမြို့နယ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင်မြို့နယ်တွေကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး စစ်တွေမြို့နယ်ကိုလည်း စစ်ရေးအရ ဝန်းရံပိတ်ဆို့ထားပြီးလို့ စစ်ရေးအခြေအနေကို သိရှိသူတွေက ပြောပါတယ်။

စစ်တွေမြို့နယ်မှာ ဩဂုတ် ၂၉ ရက်က စစ်ကောင်စီ စစ်ကြောင်းတခုကို အာရက္ခတပ်တော်ဘက်က တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်ရမိခဲ့တယ်လို့ AA က ပြောထားပါတယ်။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ ရှိတဲ့ကျေးရွာတွေကို စစ်ကောင်စီက မကြာခဏဆိုသလို လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ စစ်တွေမြို့တမြို့တည်းသာ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်ပြီး မောင်တောမြို့မှာလည်း အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်အောက်ကို ရောက်လာနေပြီး နခခ (၅) တခုတည်းသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

နခခ (၅)ကို အာရက္ခတပ်တော် (AA) က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီဇင်ဘာ ၃၀ ရက် အထိလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီဘက်ကတော့ စခန်းမကျရေးအတွက် လေကြောင်းကနေ တောက်လျှောက်ပစ်ကူနေတယ်လို့ ဒေသခံတွေနဲ့ ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီလက်ကျန်စခန်းကို ULA/AAက ဝိုင်းပတ် ပိတ်ဆို့ထားပြီး ဖြစ်တာကြောင့် မကြာခင် အပြီးသတ်သိမ်းနိုင်မယ့် အခြေအနေလို့ ရခိုင် ဝါရင့်နိုင်ငံရေးသမားကြီး ဦးဖေသန်းက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ စခန်းမကျရေးအတွက် လေကြောင်းအပြင် ရေကြောင်းကနေလည်း တိုက်ခိုက်မှုတွေ တောက်လျှောက်လုပ်နေပြီး မောင်တောမြို့ပေါ်နဲ့ ဘေးပတ်ဝန်းကျင်ရွာတွေကို ဗုံးကျရောက်တာတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မောင်တောမြို့ပေါ်မှာလည်း မီးလောင် ပျက်စီးတာတွေ ရှိတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ဒါ့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ကိုလည်း အာရက္ခတပ်တော်ဘက်က ထိုးစစ်ဆင်နေပြီး လက်ရှိတိုက်ပွဲတွေက မြို့နားကို တည်ဖြည်းဖြည်း ရောက်ရှိလာနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013