DVB Logo
Home
မြန်မာသတင်း
တောင်ကြီးခရိုင် ပုံးအင်းဒေသ ရေကြီးမှု ဝမ်းစာစပါးအပြင် စပါးစိုက်ဧက ၃၀၀၀၀ ကျော်ပျက်စီး
DVB
·
September 30, 2024
တောင်ကြီးခရိုင် ပုံးအင်းဒေသ ရေကြီးမှု ဝမ်းစာစပါးအပြင် စပါးစိုက်ဧက ၃၀၀၀၀ ကျော်ပျက်စီး
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်ရှိ  ဆန်စပါးစိုက်ပျိုးရေးကို အဓိကထားသက်မွေးဝမ်း ကျောင်းပြုတဲ့ ပုံးအင်းဒေသမှာ အခုနှစ်မိုးရာသီအတွင်း ရေကြီးရေလျှံမှုနဲ့ ကြုံရတာ ၄ ကြိမ်ရှိ သွားပြီဖြစ်တာကြောင့် တနှစ်စာစားဖို့ သိုလှောင်ထားတဲ့ စပါးတွေရော၊ လယ်ကွင်းထဲ စိုက် ထားတဲ့ စပါးပင်တွေပါ ဧကပေါင်း သောင်းနဲ့ချီ ဆုံးရှုံးခဲ့ရတယ်လို့  ဒေသတွင်း ပရဟိတအဖွဲ့ က ပြောပါတယ်။

ပုံးအင်းထဲမှာ ပြီးခဲ့တဲ့ ဇွန်လက ၁ ကြိမ်၊ ဩဂုတ်လမှာ ၁ ကြိမ်နဲ့ စက်တင်ဘာလထဲမှာ ၂ ကြိမ် စုစုပေါင်း ၄ ကြိမ် ရေကြီးမှုကြုံခဲ့ရတယ်၊ လက်ရှိအချိန်ထိ ပုံးအင်းထဲက ရွာပေါင်း ၂၅ ရွာ အိမ်ထောင်စုပေါင်း ၁၄၆၀ စု ရေဘေးသင့်နေဆဲလို့  ပုံးအင်းဒေသ ရေဘေးသင့်ပြည်သူ ကူညီ ရေးကော်မတီမှ စိုင်းသီဟက ပြောပါတယ်။ 

“ကျနော်တို့ပုံးအင်းမှာ ရေကြီးတာ ၄ ခါရှိသွားပါပြီ၊ ကျေးရွာအုပ်စု ၉ စုထဲက ရွာပေါင်း ၆၀ ကျော်အကုန်လုံးလို ရေကြီးတယ်၊ အခုတော့ တချို့ရွာရေကျသွားပေမဲ့ လောလောဆယ် ရေမကျသေးတာ ၂၅ ရွာကျန်သေးတယ်၊ အိမ်ထောင်စု ၁၄၆၀ ပါ ။”

အဆိုပါရွာတွေမှာ တွန်မုန်၊ ဟိုတတ်၊ ဟန်လွဲ၊ ဆီဆုံ၊ တိဟေး၊ ဆမိန်း၊ ဝမ့်ခွမ်၊ ရေဝန်း၊ ဝမ့်နောက်၊ ကန်နား၊ ဖက်ကွန်၊ ဆိုင်လဲ၊ နောင်ဇန့် ၊ ဝမ့်ခွမ်၊ ဝမ့်ပုံး၊ ဝမ့်မိုင်၊ ဟိုလိုင်း၊ ပန်မွန်း၊ ပင်လွန်၊ နမ့်ပန်၊ ပေါင်လင်းစတဲ့ရွာတွေဖြစ်ပြီး တောင်ကြီး၊ ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်တွေမှာ တစိတ်တပိုင်းစီ ပါဝင်နေပါတယ်။

ဒီစက်တင်ဘာလတွင်း ရေကြီးနေတာ ၂ ပတ်ကျော်သွားပြီဖြစ်လို့ ပြန်စိုက်ထားတဲ့ စပါးပင်တွေလည်း အကုန်သေကုန်ပြီ၊ တနှစ်ပတ်လုံးစားဖို့ သိုလှောင်ထားတဲ့ စပါးတွေကျီတွေလည်း တချို့ ရေထဲမျောပါကာ တချို့က ရေထဲမပါပေမဲ့ အညှောင့်တွေပေါက်နေလို့ စားသုံးလို့မရတော့ အလှူရှင်တွေလာပေးတာတွေနဲ့ပဲ စားသုံးနေရတယ်လို့ ပုံးအင်းဒေသခံက ပြောပါတယ်။

“လောလောဆယ်တော့ အလှူရှင်တွေလာပေးတဲ့ဟာတွေနဲ့ ဝေမျှစားသောက်နေရတယ်။ တနှစ်လုံးဆိုရင်တော့ ဘာနဲ့သွားစားရမလဲဆို မစဉ်းစားတတ်တော့ဘူး။ ဒီနေ့ ( စက်တင်ဘာ ၃၀ ) မှာ ရေ ၁ ပေလောက်ပြန်ကျသွားပြီ။ ဒါပေမဲ့ ပုံမှန်ပြန်ရောက်ဖို့ နောက်ထပ် ၄ ပေ လောက်ပြန်ကျဖို့ စောင့်ရမယ်။ ပုံးအင်းတခုလုံးက ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းပဲလုပ်တာပါ။ စပါးစိုက်တဲ့သူတွေက ထမင်းငတ်ရမယ့်အဖြစ်မျိုးရောက်နေပြီ။ နွေစပါးရော မိုးစပါးရော ရေကြီးတဲ့ထဲပျက်စီးကုန်ပြီ"။

ပျက်စီးသွားတဲ့ စပါးစိုက်ဧကစုစုပေါင်း ၃၀၀၀၀ အထက်မှာရှိနိုင်တယ်လို့ စိုင်းသီဟက ခန့်မှန်းပြောဆိုပါတယ်။

“ပုံးအင်းက ၃ မြို့နယ်ထဲမှာပါတော့  ပျက်စီးဆုံးရှုံးတဲ့ စပါးစိုက်ဧကကို တပိုင်းစီ တာဝန်ခွဲပြီး စာရင်းကောက်နေပါတယ်။ ကျနော်တာဝန်ယူတဲ့ တောင်ကြီးမြို့နယ်အပိုင်းမှာတော့ ပထမတကြိမ်ရေကြီးတုန်းက ကက္ကူ ၊ နားဟီးနဲ့ အသုံးတော်အုပ်စုထဲမှာ ဧက ၅၀၀၀ ကျော်တယ်။ ဆီဆိုင်မြို့နယ်ထဲမှာ ဧက ၈၀၀၀ ကျော်တယ်။ တတိယအကြိမ်မှာ ပျက်စီးဆုံးရှုံးတဲ့ ဧရိယာပို ကျယ်လာတယ်။ ရေတွေကြီးနေတော့ စာရင်းအတိအကျကောက်ရဖို့လည်း အခက်အခဲရှိပါတယ်။ ဟိုပုံးမြိုနယ်ထဲကဆို ပင်းပက်သတ္တုတွင်းအနီးတဝိုက်ရွာထိ ရေတွေကြီးတယ်။ မြို့နယ် ၃ ခုက ပုံးအင်းတခွင်လုံးမှာဆို ဧက ၃၀၀၀၀ ထက်မနည်းပျက်စီးမယ်လို့ ခန့်မှန်းတယ်။” 

ပျက်စီးဆုံးရှုံးမှုပမာဏတန်ဖိုးဆိုရင်တော့ စပါး ၁ ဧကကို ကျပ် ၅ သိန်းရင်းနှီးထားရတယ်၊ အဲဒီထဲမှာ မျိုးစပါး ၊ ဓာတ်မြေဩဇာနဲ့ ကောက်စိုက်ခ အလုပ်သမားခတွေပါတယ်။ ဒါကြောင့် ကျပ်သိန်းပေါင်း သောင်းနဲ့ချီဆုံးရှုံးပါတယ်လို့  ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂက ပုံးအင်းဒေသမှာ စပါးပြန်စိုက်ဖို့ မျိုးစပါးတွေ ထောက်ပံ့ကူညီမယ်ဆိုလို့ အလွန်ဝမ်းသာပြီး အိပ်လို့တောင် မပျော်ဘူး။ ပုံးအင်းဒေသနဲ့ သင့်လျော်တဲ့ မျိုးစပါးရွေးချယ်ရမှာဖြစ်ပြီး စာရင်းအတိအကျ ရအောင် ဆောင်ရွက်နေတယ်၊ လာမယ့်နှစ် နွေစပါးအတွက်ဖြစ်တယ်၊ စပါးစိုက်ရဖို့ ၁၀ လလောက် စောင့်ရမယ်၊ ဒီကြားထဲ ဝမ်းစာစပါးအတွက် ပူပန်နေရတယ်လို့ စိုင်းသီဟက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013