DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်အဓိကတရားခံ တရုတ်နိုင်ငံသား ၂၀ ကို မြန်မာက တရုတ်ဘက်သို့ ပြန်ပို့
DVB
·
September 30, 2024
ကျားဖြန့်အဓိကတရားခံ တရုတ်နိုင်ငံသား  ၂၀ ကို မြန်မာက တရုတ်ဘက်သို့ ပြန်ပို့
Donate to DVB

မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ တယ်လီကွန်းနဲ့ အင်တာနက်ငွေလိမ်ကျားဖြန့်ရာဇဝတ် လုပ်ငန်းတွေမှာ အဓိကကျတဲ့ အခန်းကဏ္ဍတွေက ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်ရတဲ့ တရုတ်နိုင်ငံသား အယောက် ၂၀ ကို တရုတ်နိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာန (MPS) က စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။

ဒါဟာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံဘက်နဲ့ ပူးပေါင်းစစ်ဆင်ရေးတခုအတွင်း သူတို့ကို ဖမ်းဆီးနိုင်ခဲ့ပြီးနောက် တရုတ်ဘက်ကို ပြန်လည်လွှဲအပ်လိုက်တာလို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အဆိုပါ စစ်ဆင်ရေးဟာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကနေ ရရှိလာတဲ့ နောက်ထပ် ကြီးမားတဲ့ အောင်မြင်မှုတခုကို ကိုယ်စားပြုတယ်လို့ MPS က ဖော်ပြပါတယ်။

စက်တင်ဘာ ၂၃ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ မင်္ဂလာမူဆယ်အိမ်ရာမှာ အွန်လိုင်းလောင်းကစားလုပ်နေတဲ့ တရုတ်နိုင်ငံသားနဲ့ မြန်မာနိုင်ငံသား ၅၀၀ ကျော်ကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့ ပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar အဖွဲ့က နောက်ဆုံး ထုတ်ပြန် ချက်မှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့ တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့် နှိမ်နင်းမှုတွေနဲ့ဆက်စပ်ပြီး ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာထဲမှာ ခုလို ဖော်ပြထားတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ပြည်ပ နိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာကို ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံ Transit နိုင်ငံတွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင် ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

Source: Xinhua

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013