DVB Logo
Home
ဆောင်းပါး
မြို့ပြနေ့ညများ (အပိုင်း-၁)
DVB
·
September 30, 2024
မြို့ပြနေ့ညများ (အပိုင်း-၁)
Donate to DVB

“တနိုင်ငံလုံး အမှောင်ကျတဲ့နေ့”

အင်တာနက်လိုင်းတွေ ဘယ်အချိန်က ပြတ်တောက်သွားလဲ ဆိုတာကို ကျနော်မသိလိုက်ဘူး။ အဲဒီနေ့ညက ပင်ပင်ပန်းပန်းနဲ့ အိပ်ပျော်သွားတာပါ။ ရိုက်ကူးရေးလုပ်ပြီး ပင်ပန်းလို့ ဘာကိုမှ တွေးတောမနေတော့ဘဲ အိပ်ပျော်သွားပုံရတယ်။

မနက်မိုးလင်းလို့ အဆောင်မှာ အင်တာနက်လိုင်း ပြန်ရချိန်မှာ ဆူဆူညံညံ ရုတ်ရုတ်သဲသဲ ဖြစ်တော့မှ ကျနော် လန့်နိုးလာတယ်။

“ဟယ် သွားပါပြီတော့်၊ သူအဖမ်းခံရတယ်။ သူ့ကိုဖမ်းသွားကြတယ်။ သနားပါတယ်။ ဘာတွေဖြစ်မလဲ မသိပါဘူး။ ဒုက္ခပါပဲ”

အမျိုးသမီးတယောက်က သတင်းကိုတွေ့တွေ့ချင်း နီးစပ်ရာအခန်းက လူတွေကို လိုက်နှိုးရင်း ပါးစပ်ကလည်း ဆီမန်း မန်းသလို မချိတင်ကဲ ပြောနေတယ်။ သူပြောတာက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းသွားတဲ့အကြောင်းပါ။

ကျနော်တို့နေတဲ့အဆောင်က ရန်ကုန်မြို့လယ် တနေရာမှာပါ။ အိမ်ထောင်သည်ခန်းတွေရှိတဲ့ အဆောင်ပါ။ အဆောင်မှာ အိမ်ထောင်သည်ငါးတွဲနဲ့ လူပျိုလူလွတ်သုံးဦး  နေကြတယ်။ အားလုံးပေါင်း ၁၃ ဦးပေါ့။ ဒါက ပုံမှန်နေကြသူတွေပါ။ လာနေလိုက် ပြန်ထွက်သွားလိုက် အတွဲတွေ ထည့်ရေတွက်မယ်ဆို ဒီထက်ပိုများတယ်။

အိမ်ထောင်သည်‌အခန်းတွေဖြစ်တဲ့အတွက် မြန်မာစကားပုံ တခုလိုပါပဲ။ “လင်နဲ့မယား လျှာနဲ့သွား” ဆိုတဲ့အတိုင်း တခါတရံ စကားများသံ၊ ရန်ဖြစ်သံတွေကိုလည်း ကြားရပါတယ်။ ဆူညံသံတွေကတော့ နားရည်ဝနေပါပြီ။

ကျနော်နိုးတော့ အ‌ဆောင်မှာရှိတဲ့ အခန်းတိုင်းကလူတွေ အကုန် အပြင်ရောက်နေကြပြီ။ ကျနော် အခန်းအပြင်ထွက်တော့ နေရာမရှိတော့ပါဘူး။ အိမ်ထောင်သည်အခန်းတွေကို အခန်းဖွဲ့ ငှားရမ်းကြတဲ့နေရာမှာ လျှောက်လမ်းကို လူ‌တယောက်စာ လျှောက်လို့ရရုံ ထားပေးထားတာ ဖြစ်လို့ အဆောင်ထဲက အခန်းရှိလူကုန် အပြင်ထွက်‌ရင် မတ်တပ်ရပ်စရာနေရာတောင် မရှိ‌တော့ပါဘူး။

“ကျနော့်ဖုန်းက လိုင်းမမိသေးဘူးဗျ၊ ဘယ်လိုင်း လိုင်းမိလဲ” လို့ ကျနော်မေးတော့ သူတို့ဖုန်းမှာမိတဲ့ ဖုန်းဆင်းကတ်နာမည်ကို ပြောကြတယ်။ စစ်တပ်ကျောထောက်နောက်ခံ ပြုထားတဲ့ မိုင်တဲလ်ဆင်းမ်ကတ်က လိုင်းမိနေတာကို သိရတော့ ကျနော်လည်း ဘာမှမတတ်နိုင်ဘူး။

ကျနော့်မှာ စစ်တပ်စီးပွားရေးနဲ့ ဆိုင်တဲ့အရာတွေ မသုံးတဲ့အတွက်ကြောင့်ပါ။ ကျ‌နော် အဲဒီအချိန်က နာမည်ကြီးသတင်းဌာနတခုမှာ ရုပ်သံသတင်းထောက်အဖြစ်နဲ့ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

အဲဒီသတင်းဌာနမှာ သတင်းနဲ့ဆိုင်တဲ့ ခရီးစဉ်တွေမှာ ရုံးကကားကို အသုံးပြုရင် ကားဆီဖြည့်တဲ့အခါ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ဆီဆိုင်တွေမှာ ဆီမဖြည့်ရဘူး။ အကယ်၍ ဆီဖြည့်လာရင် အဲဒီဆိုင်ကဘောက်ချာနဲ့ ရုံးကို ပြန်တင်လို့မရဘူးလို့ ရုံးက စည်းကမ်းချမှတ်ထားတယ်။

ဒီလို စည်းကမ်းချမှတ်ထားတဲ့ သတင်းဌာနမှာ အလုပ်လုပ်နေသူတယောက် အဖို့တော့ စစ်တပ်ရဲ့ ထုတ်ကုန်တွေကို အသုံးမပြုဘဲ ကျင်လည်ရပ်တည်ဖို့ဆိုတာ မသင်ဘဲ တတ်သွားတဲ့ အရာလို့ပဲ ပြောရမှာပါ။

အာဏာသိမ်းတဲ့ကာလ သုံးနှစ်ကျော်အတွင်းမှာ ရွေးချယ်စရာ များများစားစားမရှိတော့ စစ်တပ်ထုတ်ကုန်တွေကို သုံးလာရတော့တာပါပဲ။ သတင်းတွေနဲ့ သတင်းဓာတ်ပုံတွေကိုပို့ဖို့ သူတို့ချုပ်ကိုင်ထားတဲ့ တယ်လီကွန်း၊ ဖိုက်ဘာအင်တာနက် လိုင်းတွေလို အရာတွေကို အသုံးပြုလာရပါတော့တယ်။

ရွေးချယ်စရာရှိတဲ့ ကုန်ပစ္စည်းနဲ့ စားသောက်ကုန်လို အရာတွေကို ကွေ့ရှောင်သွားလို့ရပေမဲ့ မရှိမဖြစ် သုံးကိုသုံးရမယ်၊ သုံးမှပဲရမယ်ဆိုတဲ့ အရာတွေကို သတိကြီးကြီးထား အသုံးပြုရတယ်။ တနေရာရာမှာ ကြားဖြတ် ဖမ်းယူနားထောင်နေမလားဆိုတဲ့ စိုးရိမ်ချက်ကလည်း ရှိနေသေးတာ ဖြစ်ပါတယ်။

ကျနော့်မှာ ကြည့်စရာ အင်တာနက်လိုင်းက မရှိတော့ အင်တာနက်လိုင်းမိတဲ့ ဖုန်းကနေ သတင်းတပုဒ်ကို ကျနော်တို့ ဝိုင်းဖွဲ့ပြီး ကြည့်ကြတယ်။ သတင်းမှန်မမှန် အတည်ပြုချင်တာလည်း ပါပါတယ်။

ရုပ်သံသတင်းဌာနတခုက တင်ဆက်ထားတဲ့သတင်းကို ကျနော်တို့ ကြည့်နေကြတာ။ သတင်းတင်ဆက်သူက တညလုံး မအိပ်ရသေးတဲ့ပုံမျိုးနဲ့ တင်ဆက်နေတာပါ။ သူ့ရဲ့ အဆီပျံနေတဲ့ မျက်နှာကို ကြည့်ရင် သိနိုင်ပါတယ်။ ကျနော်ကိုယ်တိုင်က သတင်းတင်ဆက်တဲ့ စတူဒီယိုခန်းမှာ ကင်မရာမန်းအဖြစ်နဲ့ လုပ်ကိုင်နေသူဖြစ်လို့ ဒီအခြေအနေက ပုံမှန်မဟုတ်ဘူး ဆိုတာကိုတော့ သိလိုက်တယ်။

သတင်းခန်းထဲမှာ သတင်းတင်ဆက်ကြသူတွေက မိတ်ကပ်အပြင်အဆင်လေး နည်းနည်းပါးပါးတော့ လုပ်ကြတယ်။ ရုပ်သံသတင်း တင်ဆက်သူရဲ့ အသားအရည်နဲ့ လိုက်ဖက်မယ့် မိတ်ကပ်အရောင်လေး နည်းနည်းပါးပါး ဖို့လိုက်တာမျိုး။ သူ့ဆီက အထိုက်အ‌ေလျာက်ကလေး ရုပ်ထွက်ရှိလာတဲ့အခါ ကင်မရာမန်းတွေ သိပ်အားထုတ်စရာ မလိုတော့ဘဲ ရိုက်ကူးရေးကို အချိန်တိုအတွင်း စလို့ရတာမျိုးပေါ့။

“ကျနော်တို့ တနိုင်ငံလုံး အမှောင်ကျတဲ့နေ့ပါခင်ဗျာ” တဲ့။ ကုတ်အင်္ကျီကို အဆင်ပြေအောင် ဝတ်ထားပေမဲ့ မျက်နှာကတော့ အပြေးအလွှား သတင်းတင်ဆက်တဲ့ပုံပါ။

သူ့ရဲ့ ပထမဆုံး သတင်းတင်ဆက်ခြင်း အဖွင့်မှာတော့ တနိုင်ငံလုံး အမှောင်ကျသွားတဲ့ အကြောင်းကို ပြောသွားတယ်။ တဆက်တည်းပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူနေထိုင်ရာ အခန်းကနေ စစ်တပ်က လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတဲ့အကြောင်းကို ပြောပြသွားတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အထင်ကရပုဂ္ဂိုလ်တွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး သူတို့ကို ဘယ်နေရာမှာ ထားရှိသလဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ သတင်းဌာနရဲ့ ရုပ်သံသတင်း တင်ဆက်သူက ပြောပြသွားတာကို ကျနော်တို့ ကြည့်နေကြတယ်။

သတင်းဌာနက ပြောပြသွားပြီဆိုတော့ သေချာပါပြီ။ ဘာတွေဖြစ်လာဦးမလဲတော့ မသိဘူး။ အဲဒီနေ့က ဒီသတင်းကို ကြည့်ပြီးတဲ့နောက်မှာ ကျနော်တို့အဆောင်မှာ တိတ်ဆိတ်သွားပါတယ်။ အပ်ကျသံ ကြားရလောက်တဲ့အထိကို တိတ်ဆိတ်သွားတာပါ။

အခန်းအသီးသီးက သက်ပြင်းချသံတွေသာ တချက်တချက် ကြားရတယ်။ နောက်ဆက်တွဲ အခြေအနေ ဘာထပ်သိရမလဲ ဆိုတာကို အားလုံးက မျှော်လင့်နေကြတယ်။ တနေကုန် အသံတွေ တိတ်ဆိတ်သွားပါတယ်။ ညနေစောင်းလာရင် သီချင်းကို မတိုးမကျယ်ဖွင့်တတ်တဲ့ လူပျိုကြီးတယောက်လည်း အဲဒီညနေက သီချင်းမဖွင့်တော့ပါဘူး။

တနေကုန်ပြီး မိုးသာချုပ်သွားတယ် တယောက်နဲ့တယောက် ဟက်ဟက်ပက်ပက် စကားပြောသံတွေလည်း မကြားရပါဘူး။ ညပိုင်း အိပ်ချိန်ရောက်တဲ့အထိ အသံတွေ တိတ်ဆိတ်သွားပါတယ်။

အိပ်ချိန်ရောက်တဲ့အထိ အိပ်မပျော်နိုင်ကြတာကို သိသာစေတဲ့ အရာတခုကတော့ သက်ပြင်းချသံတွေပဲ ဖြစ်ပါတယ်။ အဲဒီနေ့ညက ညဉ့်နက်တဲ့အထိ သက်ပြင်းချသံတွေကိုသာ ကြားရပါတော့တယ်။

တာပလု

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013