DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် Starlink စက်တပ်သူများလာသဖြင့် အင်တာနက် အသုံးပြုခ လျော့ကျ
DVB
·
September 28, 2024
ကချင်ပြည်နယ်တွင် Starlink စက်တပ်သူများလာသဖြင့် အင်တာနက် အသုံးပြုခ လျော့ကျ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ Starlink Wifi စက်တပ်ဆင်တဲ့ဆိုင်တွေများလာတာကြောင့် Wifi အသုံးပြုခ ၁ နာရီ ကျပ် ၃ သောင်းကနေ ကျပ် တသောင်းခွဲအထိစျေးလျော့ကျသွားတယ်လို့ မြစ်ကြီးနားမြို့ခံတွေဆီက သိရပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ဖုန်းအင်တာနက်လိုင်းနဲ့ Fiber WiFi အင်တာနက် လိုင်းတွေ ဖြတ်တောက်ခံထားရတာကြောင့် ဇူလိုင် ၂၁ ရက်ကစပြီး မြစ်ကြီးနားမြို့မှာ IP Star နဲ့  Starlink Wifi တို့ကို အဓိကထား သုံးစွဲခဲ့ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“စစချင်းတော့ IP Star တပ်ဆင်ထားတဲ့နေရာတွေမှာ သွားပြီးသုံးရတာ။ အဲဒီတုန်းက ၁ နာရီအသုံးပြုခ ၃ သောင်းပေးရတယ်။ နောက်ပိုင်း ဟိုတယ်တွေနဲ့ ဖုန်းဆိုင်တွေမှာ Starlink WiFi စက်တွေ တပ်တဲ့သူ များလာသလို အသုံးပြုခလည်း စျေးလျော့လာတယ်။ အခုဆိုရင် တချို့နေရာတွေမှာ ၁ နာရီကို တသောင်းခွဲယူပြီး တချို့က တသောင်းကျပ်ပဲ ယူတော့တယ်” လို့ ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းက စစ်ကောင်စီရှေ့တန်းတပ်စခန်းတွေအပါအဝင် မြို့ရွာတွေကို KIA၊ KPDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက ကချင်ပြည်နယ်ကို ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားခဲ့လို့ နယ်ခံတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်အနေနဲ့ ပြီးခဲ့တဲ့သြဂုတ်လအထိ Starlink WiFi ရတဲ့ဆိုင်တွေမှာ ငွေလွှဲ ငွေထုတ် သူတွေကို ဖမ်းဆီးတာ၊ ဟိုတယ်နဲ့ ဖုန်းဆိုင်တွေ အင်တာနက်ဆိုင်တွေမှာ အသုံးပြုသူတွေကို ရှောင်တခင်ဝင်ရောက် စစ်ဆေးဖမ်းဆီးခဲ့ပေမဲ့ စက်တင်ဘာလလဆန်းပိုင်းကစလို့ ငွေလွှဲငွေထုတ်လုပ်ငန်း လုပ်ကိုင်သူတွေကိုတော့ ပြန်လည်ခွင့်ပြုလာတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဖားကန့်မြို့နယ်မှ ဒေသခံတယောက်က “ဟောင်ပါးအုပ်စုဘက်မှာတော့ စက်တင်ဘာ ၈ ရက်ကစပြီး စီးပွားဖြစ်လုပ်လုပ်နေကြတဲ့ Starlink WiFi ဆိုင်ရှင်တွေကို KIO/KIA က အခွန်ကင်းလွတ်ခွင့် ပေးထားလို့ စျေးနှုန်းကျသွားတာ။ အရင်က တနာရီကို ၁၅,၀၀၀ ပေးရတဲ့နေရာမှာ အခုဆိုရင် ၂,၀၀၀ ပဲ ပေးရတော့တယ်။ ဘာ VPN မှလည်း ခံစရာမလိုတော့ သုံးရတာ ပိုပြီးအဆင်တာပေါ့” လို့ ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့မှာလည်း ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရပေမဲ့ Starlink WiFi စက်တပ်ဆင်ထားသူတွေအနေနဲ့ WiFi အသုံးပြုသူတွေကို တနာရီ ကျပ် ၂,၀၀၀ နှုန်းနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013