အိန္ဒိယနိုင်ငံအလယ်ပိုင်း မာဒီယာပရာဒက်ရှ်ပြည်နယ်မှာ အင်အားကြီး ဟိန္ဒူအဖွဲ့အစည်းတခုက အဖွဲ့ဝင်တွေနဲ့ ထောက်ခံသူတွေဟာ အောက်တိုဘာ ၂၇ ရက်မှာ ဆန္ဒပြပွဲ ဆင်နွှဲခဲ့ကြပြီး အီလွန်မတ်စ်ခ်ရဲ့ ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှု Starlink ကို အစိုးရက ပိတ်ပင်တားဆီးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီရဲ့ အစိုးရနဲ့ ဘီလီယံနာ မူခက်ရှ် အမ်ဘာနီတို့က အမ်ဘာနီရဲ့ ရီလိုင်းယန့်စ် ဂျီယိုကုမ္ပဏီ အကျိုးရှိစေဖို့ Starlink ပြည်တော်ဝင်မဲ့အရေးကို နှောင့်နှေးထားခဲ့တယ်လို့ မတ်စ်ခ်က စွပ်စွဲခဲ့ပါတယ်။
အဲဒီနောက်မှာ Starlink ဝန်ဆောင်မှုကုမ္ပဏီဟာ အိန္ဒိယနိုင်ငံမှာ ဝန်ဆောင်မှုစပေးနိုင်ဖို့ ၄ နှစ်ကြာ စောင့်ဆိုင်းနေရမှုအပေါ် ထပ်ပြီး အာရုံစိုက် စစ်ဆေးမှုတွေ ရှိလာပါတယ်။
ဝန်ကြီးချုပ် မိုဒီ ဦးဆောင်တဲ့ အာဏာရပါတီဖြစ်တဲ့ ဘာရာတီယာ ဂျနာတာပါတီ BJP ရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ အရင်းအမြစ်ဖြစ်တဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီအဖွဲ့အစည်း (RSS) ရဲ့ စီးပွားရေးဆိုင်ရာဌာနခွဲ SJM က ဆန္ဒပြသူတွေက နိုင်ငံခြားနည်းပညာလုပ်ငန်းထက် ဌာနေ နည်းပညာလုပ်ငန်းကို ပိုမြှင့်တင်အသုံးပြုကြဖို့ တောင်းဆိုခဲ့ကြပါတယ်။
SJM ဟာ မကြာသေးမီနှစ်တွေအတွင်း အိန္ဒိယနိုင်ငံရဲ့ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေအပေါ် သြဇာလွှမ်းမိုးမှု ရှိခဲ့ပါတယ်။
အထူးသဖြင့် အမေရိကန်ပိုင် အီလက်ထရွန်းနစ် အခြေပြု စီးပွားရေးကုမ္ပဏီတွေ ဖြစ်ကြတဲ့ အမေဇုံနဲ့ ဝေါလ်မတ်တို့နဲ့ အိန္ဒိယရဲ့ အကြီးဆုံး အွန်လိုင်းအရောင်းလုပ်ငန်း ဖလစ်ပ်ကတ်တို့ရဲ့ လွှမ်းမိုးမှုကနေ အသေးစား ကုန်သည်တွေကို ကာကွယ်ပေးမဲ့ စည်းမျဉ်းစည်းကမ်းတွေကို ပြဋ္ဌာန်းလာစေရေး သူတို့က တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်။
Source: Reuters











