DVB Logo
Home
မြန်မာသတင်း
မင်းတပ်နှင့် ရေဦးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရွာမီးရှို့၊ ပြည်သူများ ထွက်ပြေး
DVB
·
September 27, 2024
မင်းတပ်နှင့် ရေဦးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရွာမီးရှို့၊ ပြည်သူများ ထွက်ပြေး
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်က လူနေအိမ်တွေကို စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြို့ခံတယောက်က “အရှေ့ပြင်နဲ့ MPT ရုံးနဲ့ နမ့်ထားရွာကြားက လူနေအိမ်တွေကို ရှို့နေတာဗျ။ သူတို့ရှိနေကြတော့ မြို့ပေါ်မှာရှိနေသူတွေလည်း သွားမငြှိမ်းရဲကြဘူး။ အိမ်တွေကစိပ်တော့ မီးကူးတာ မြန်တယ်။ အခုညနေပိုင်းအထိ မီးလောင်တာ ၅ လုံးမကဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ မင်းတပ်မြို့ပေါ်နဲ့ အနီးအနားကကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကို ညတိုင်းလိုလို ပြုလုပ်နေပြီး မြို့ပေါ်က လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်လို့လည်း ဆိုပါတယ်။

မင်းတပ် PDF တပ်ဖွဲ့ဝင်တယောက်က “မီးလောင်တဲ့အိမ်တွေကတော့ ၅ အိမ်နဲ့ ၁၀ အိမ်ကြားလောက် ရှိမယ်။ မီးကတော့ မငြိမ်းသေးဘူး။ မီးခိုးတွမြင်နေရတယ်။ မင်းတပ်မှာရှိတဲ့ ခလရ ၂၇၄ တပ်ရင်းကကောင်တွေက အခုမီးရှို့တဲ့အိမ်တွေနားမှာ ကင်းပုန်းဝပ်တာတွေ လုပ်လေ့လုပ်ထတယ်” လို့ ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် မင်းတပ်မြို့ပေါ်နဲ့ အနီးအနား‌ဝန်းကျင် ကျေးရွာတွေက လူနေအိမ်ခြေ ၂၀ ကျော် ပျက်စီးသွားပါတယ်။

မင်းတပ်မြို့နယ်မှာ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဘက်က အထိနာပြီး ထိခိုက်သေဆုံးမှုတွေ များပြားနေသလို စစ်ကောင်စီတပ်ကလည်း မင်းတပ်မြို့နယ်ထဲကို လက်နက်ကြီးတွေ အပါဝင် လေကြောင်းကနေပါ တိုက်ခိုက်နေတဲ့အတွက် ဒေသခံပြည်သူတချို့ ထိခိုက်သေဆုံးရတာတွေ ရှိခဲ့ပြီး ပြည်သူအများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာလည်း  မုတ်စီရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၆ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်မှာ ကျေးရွာအတွင်း ဝင်ရောက်မီးရှို့နေတယ်လို့ ရေဦးဒေသခံတွေထံက သိရပါတယ်။

မုတ်စီရွာကို မီးရှို့နေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၁၂၀ နဲ့ ရေဦးမြို့ တိုင်းရင်းဆေးရုံကနေ စတင်ထွက်ခွာလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရေဦးဒေသခံ ဦးအောင်ဘာလေက “စစ်သား‌တွေက ရေဦး-ဒီပဲယင်း ကားလမ်းမအတိုင်း မသွားဘူး။ လယ်ကွင်းတွေထဲကနေ သွားကြတာ။ စစ်ကြောင်း ဦးတည် ထွက်လာကတည်းက ရွာသားတွေကတော့ အကုန်ထွက်ပြေးရတယ်။ သူတို့ ရွာထဲဝင်လာပြီး ခဏနေကြတော့ ရွာထဲကနေ မီးခိုးတွေ အူနေအောင် တက်လာတာ မြင်ရတယ်” လို့ ပြောပါတယ်။

မုတ်စီရွာဟာ ရေဦးမြို့နဲ့ တမိုင်လောက်သာကွာဝေးပြီး စစ်တပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရွာကို မီးရှို့တာလို့ ရေဦးဒေသခံ တော်လှန်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ရေဦးတော်လှန်ရေးခေါင်းဆောင် ဦးမြင့်ထွေးက “စစ်တပ်က သူတို့အထက်လူကြီးကို မြေပြင်စစ်ကြောင်းထွက်တယ်ဆိုတဲ့ ပြရုပ် ဆိုက်ဝါးထည့်ချင်လို့ ရေဦးမြို့နဲ့ အနီးတဝိုက် ရွာတွေကို အခုရက်ပိုင်း စစ်ကြောင်းထိုးနေတာ တွေ့ရတယ်။ ဘယ်တိုက်ပွဲမှလည်း မရှိဘဲနဲ့ကို ရွာတွေကို မီးလိုက်ရှို့နေကြတာ” လို့ ပြောပါတယ်။

မုတ်စီရွာဟာ အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ ကျေးရွာဖြစ်သလို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေတုန်းကလည်း အခုလိုကျေးရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၁၇၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013