DVB Logo
Home
နိုင်ငံတကာ
နျူကလီးယားလက်နက်သုံးရန် အစီအစဉ်ရှိဟု  ပူတင် ခြိမ်းခြောက်
DVB
·
September 26, 2024
နျူကလီးယားလက်နက်သုံးရန် အစီအစဉ်ရှိဟု  ပူတင် ခြိမ်းခြောက်
Donate to DVB

ရုရှားသမ္မတပူတင်က ယူကရိန်းစစ်ပွဲမှာ နျူကလီးယားလက်နက် အသုံးပြုဖို့ စဉ်းစားဖွယ်ရှိကြောင်း ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။

ယူကရိန်းကို နျူကလီးယားလက်နက်ပိုင်နိုင်ငံတနိုင်ငံက အကူအညီပေးပြီး ပူးပေါင်းတိုက်ခိုက်နေမှုက ယူကရိန်းစစ်မှာ ရုရှားကို နျူကလီးယားလက်နက်အသုံးပြုစေဖို့ ခြိမ်းခြောက်မှုတခု ဖြစ်လာတယ်လို့ ဆိုပါတယ်။ 

ဒါ့ကြောင့် ပူတင်ဟာ ဒီလက်နက် အသုံးပြုမယ့် စည်းမျဉ်းတွေကို ပြောင်းလဲဖို့ စဉ်းစားခဲ့ပြီး ယူကရိန်းစစ်ပွဲမှာ ရုရှားက မဖြစ်မနေ နျူကလီးယား အသုံးပြုဖွယ် ရှိတယ်လို့ စက်တင်ဘာ ၂၅ ရက်ညမှာ အစိုးရအဖွဲ့ကို ပြောခဲ့တာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံဟာ နျူကလီးယားလက်နက်မရှိပေမဲ့ အမေရိကန်အပါအဝင် တခြားနျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ နိုင်ငံတွေရဲ့ အထောက်အပံ့နဲ့ ရုရှားထိုးစစ်ကို ခုခံနေတာဖြစ်ပါတယ်။

ယူကရိန်းက တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးဖို့ အနောက်အုပ်စုရဲ့ ထောက်ခံမှုရဖို့ ကြိုးစားနေချိန်မှာ ပူတင်ရဲ့ နျူလက်နက်သုံးမယ်ဆိုတဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇာလန်းစကီးဟာ ဒီတပတ်အတွင်း အမေရိကန်ကိုသွားခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ဝါရှင်တန်မှာတွေ့ဆုံခဲ့ကာ တာဝေးလက်နက်အသုံးပြုခွင့် တောင်းဆိုဖွယ်ရှိပါတယ်။

ယူကရိန်းနိုင်ငံက ရုရှားရဲ့ ထိုးစစ်ဆင်နွှဲနေတဲ့ ဒုံးလက်နက်တွေရဲ့ တည်နေရာကို အဓိက တိုက်ခိုက်ဖို့ ပစ်မှတ်ထားနေပါတယ်။ 

အနောက်အုပ်စုရဲ့ ယူကရိန်းနိုင်ငံအပေါ် ထောက်ပံ့မှုကြောင့် နေတိုးအဖွဲ့နဲ့ တိုက်ရိုက်စစ်ဖြစ် မှာဖြစ်ကြောင်းနဲ့ နျူလက်နက်အသုံးပြုမယ်လို့ ပူတင်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ 

ရုရှားရဲ့ကျူးကျော်မှုကြောင့် ပျက်စီးသွားတဲ့ ယူကရိန်းနိုင်ငံသားတွေကို ပြန်လည်တည်ဆောက်ရေးမှာ ကူညီဖို့ နိုင်ငံတကာကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းအဖြစ် ယူကရိန်းအတွက် ပံ့ပိုးကူညီမှုကို အရှိန်မြှင့်မယ့် အမေရိကန်ရဲ့ လုပ်ဆောင်ချက်တွေကို စက်တင်ဘာ ၂၆ ရက်မှာ ကြေညာသွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်တို့ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေဟာ စက်တင်ဘာ ၂၅ ရက်က ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဘေးပန်းအစီအစဉ်မှာ ယူကရိန်းနိုင်ငံအတွက် စည်းလုံးညီညွတ်မှုကို အခိုင်အမာ ပြသတဲ့အနေနဲ့ တွေ့ဆုံခဲ့ကြချိန်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က “ယူကရိန်းရှင်သန်ရေးအတွက် တိုက်ပွဲအောင်နိုင်ဖို့ လိုအပ်တာတွေ ရှိနေစေဖို့ စိတ်ပိုင်းဖြတ်ထားတာဖြစ်ပြီးတော့ ယူကရိန်းစစ်တပ်ကို အရှိန်မြှင့်ပံ့ပိုးပေးမယ့် လုပ်ဆောင်ချက်တွေကို ဆက်တိုက်ကြေညာသွားမယ်” လို့ ပြောကြားခဲ့ပါတယ်။

“အရင်ကထက် ပိုခိုင်မာအောင် တည်ဆောက်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ယူကရိန်းကို ထောက်ပံ့ပေးဖို့ ကတိပြုထားပြီး ဒီတိုက်ပွဲမှာ မင်းတယောက်တည်း မဟုတ်ဘူး” လို့လည်း ဆိုပါတယ်။

ယူကရိန်းရဲ့ အနာဂတ် အောင်ပွဲဟာ စစ်မြေပြင်မှာ ဖြစ်ပျက်နေတာထက်တောင် ပိုနေသေးတယ် ဆိုတာလည်း သိထားပါတယ်လို့ ဆိုပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီး ကလည်း စည်းစည်းလုံးလုံးနဲ့ အသက်တွေကို ကာကွယ်ပေးလို့ ကျေးဇူးတင်ပါကြောင်း ပြောပါတယ်။

အရင်တုန်းက ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့အတွက် လစ်သူယေးနီးယားနိုင်ငံ ဗီးလ်နီးယပ်စ်က အီးယူထိပ်သီး အစည်းအဝေးမှာ စုဝေးခဲ့ကြကြောင်း၊ ကျွန်ုပ်တို့အားလုံးကို ခွန်အားဖြစ်စေတဲ့ G7 လုံခြုံရေးကြေညာချက်နဲ့ ၂ နိုင်ငံ လုံခြုံရေးသဘောတူညီချက် ၂၆ ချက်ကို တန်ဖိုးထားပါကြောင်းလည်း ဇလန်းစကီးက ပြောပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ မဟာမိတ်တွေဟာ ငြိမ်းချမ်းရေး အမှန်တကယ် တည်တံ့စေဖို့ အခွင့်အရေးပေးတဲ့ မာရှယ်စီမံချက်ကို စတင်ခဲ့တာဖြစ်ပြီး အခုလည်း နိုင်ငံပေါင်း ၄၀ ကျော်နဲ့ အီးယူတို့ဟာ စစ်ပွဲတွေအပြီးမှာ ယူကရိန်းနိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ အာရုံစိုက်ထားတဲ့ တကယ့်ပြင်းထန်တဲ့ ကြေညာချက်ကို သဘောတူထားပါပြီလို့ ဆိုပါတယ်။

အလားတူ ပြန်လည်ထူထောင်ရေးဆိုင်ရာ ဗိသုကာအတွက် အုတ်မြစ်ချနေတာဖြစ်တဲ့အပြင် ယူကရိန်းနဲ့ ဥရောပနိုင်ငံအားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ အထွေထွေသက်သာချောင်ချိရေး တို့ကိုလည်း မြှင့်တင်ပေးမယ့် စီမံချက် ဖြစ်ကြောင်းလည်း ဇလန်းစကီးက ပြောပါတယ်။

အဲဒီပူးတွဲကြေငြာချက်ကို အဓိက ဒီမိုကရေစီ ၇ နိုင်ငံအုပ်စု အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က ထောက်ခံထားပါတယ်။

အိမ်ဖြူတော်က ဖြန့်ဝေထားတဲ့ ကြေညာချက် မိတ္တူထဲမှာ ယူကရိန်းမှာ ဖြစ်ပွားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် နိုင်ငံတကာဥပဒေအရ ပေးဆောင်ဖို့က ရုရှားရဲ့တာဝန် ဖြစ်ကြောင်း ပြောကြားထားပါတယ်။ ဘိုင်ဒင်နဲ့ ဇလန်းစကီး တို့ဟာ အိမ်ဖြူတော်မှာ ကြာသပတေးနေ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013