DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးနှိပ်စက်ခံ မြို့ပြတော်လှန်ရေးအဖွဲ့ဝင်များ  လိင်ပိုင်းဆိုင်ရာစော်ကားခံရမှာ စိုးရိမ်
DVB
·
September 25, 2024
ဖမ်းဆီးနှိပ်စက်ခံ မြို့ပြတော်လှန်ရေးအဖွဲ့ဝင်များ  လိင်ပိုင်းဆိုင်ရာစော်ကားခံရမှာ စိုးရိမ်
Donate to DVB

ဖမ်းဆီးခံထားရတဲ့ ရန်ကုန်က တော်လှန်ရေးသပိတ်အင်အားစုအဖွဲ့ဝင် ၄ ယောက်ကို စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန်ညှင်းပန်းနှိပ်စက်ခံနေရပြီး အမျိုးသမီး ၂ ယောက်ကိုလည်း လိင်ပိုင်းဆိုင်ရာထိပါး စော်ကားခံရမှာ စိတ်ပူပန်နေကြောင်း မြို့ပြတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက် ညနေပိုင်းကစလို့ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေထဲက အဖွဲ့ဝင် ၄ ယောက်က စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန် စစ်ကြောမေးမြန်းခံနေရပြီး ဖမ်းဆီးခံအမျိုးသမီး ၂ ယောက်ကို လည်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှာတွေကို စိုးရိမ်ပူပန်နေကြောင်း မြို့ပြတော်လှန်ရေးအဖွဲ့ တွေက ပြောပါတယ်၊

ထပ်မံဖမ်းဆီးခံရတာတဲ့ အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားခံရမှာတွေကို စိတ်ပူကြောင်း တကသကျောင်းသားဟောင်းများအင်အားစုက ကိုနန်းလင်း က ပြောပါတယ်။

“စစ်ကြောရေးမှာ ပြင်းပြင်းထန်ထန်စစ်ကြောမေးမြန်းခံနေရတယ်ဆိုတဲ့အခြေအနေပဲ ဖြစ်ပါတယ်။ အမျိုးသား ၂ ဦးဖြစ်တဲ့ ကိုဇော်လင်းထွဋ်(ခ)ဖိုးသားရော ကိုမဲကြီး (ကိုအောင်မင်းခိုင်) ရောပေါ့ ပြောရမယ်ဆိုရင် ကျောင်းသားသမဂ္ဂ နောက်ခံတွေရှိခဲ့ကြတဲ့ ကျောင်းသားဟောင်းတွေ ဖြစ်ပါတယ်။ ပြောရရင်ဗျာ ရန်သူက သိပြီးသားသူတွေဖြစ်တယ်။ ပြီးတော့ နွေဦးတော်လှန်ရေးမှာ ဒုတိယမြောက်အဖမ်းခံရတာလည်းဖြစ်တယ်။ ဒီလိုအနေ အထားမှာ ဒီအမျိုးသား ၂ ဦးအပေါ်မှာ ပိုပြီးပြင်းထန်ရက်စက်တဲ့ စစ်ကြောမေးမြန်းမှုတွေနဲ့ စစ်ကြောနေတယ်လို့ ကျနော်တို့ သတင်းတွေ ရနေတယ်ခင်ဗျ။ ဒီအမျိုးသမီးတွေနဲ့ ပတ်သက်ရင်လည်း ပိုပြီးပြင်းထန်တဲ့ စစ်ကြောနှိပ်စက်မှုတွေ ပြီးတော့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှု ဒါတွေနဲ့ပတ်သက်ရင်  ကျနော်တို့အနေနဲ့ အရမ်းကို စိတ်ပူပါတယ်၊ ဘာကြောင့်လဲဆိုတော့ ရှေ့မှာလည်း ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေ ကျနော်တို့ ရဲဘော် ၄ ဦးလုံးရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေး ကျန်းမာရေးအခြေအနေကို ကျနော်တို့ တော်တော်လေး စိတ်ပူရပါတယ်။”

ကိုဇော်လင်းထွဋ်(ခ)ဖိုးသားက တကသကျောင်းသားဟောင်းများအင်အားစုရဲ့ တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓာတ်ပုံသတင်းထောက်ဖြစ်ပြီး ကိုအောင်မင်းခိုင် (ခ) မဲကြီးနဲ့ မမြမဉ္စူတို့က  လူငယ်သပိတ်ကော်မတီ (YSC)က ဖြစ်ပါတယ်။ မနှင်းအိခိုင်ကတော့ နိုင်ငံရေးအကျဥ်းသူဟောင်းတယောက် ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေး စတင်ကတည်းက အခုချိန်ထိ မြို့ပြက တော်လှန်ရေးအင်အားစုတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိပေမဲ့ မြို့ပြက တော်လှန်ရေးအင်အားစုတွေရဲ့အသံတွေ တိတ်မသွားဘဲ ဆက်လက်ပေါ်ထွက် နေဦးမှာဖြစ်တယ်လို့ ရေဘဝဲပြည်သူ့အကျိုးပြု လူငယ် အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

“စစ်ကောင်စီ အုပ်ချုပ်လို့ရနေတဲ့ မြို့ပြတွေမှာ ရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အရေအတွက်က လက်ချိုးရေလို့ရပါတယ်။ ဒီလိုလက်ချိုးရေလို့ရတဲ့ တော်လှန်ရေးအင်အားစု တွေထဲကမှ ရဲဘော်ရဲဖက်တွေ ဖမ်းဆီးခြင်းခံရတယ်ဆိုတာက မြို့ပြရဲ့ ကြီးမားတဲ့ ဆုံးရှုံးမှု တရပ်ဖြစ်ပါတယ်။ မြို့ပြရဲ့တော်လှန်ရေးအင်အားစုတွေထဲက သပိတ်ရဲဘော်တွေပဲ ဖြစ်ဖြစ် မြို့ပြပျောက်ကျားရဲဘော်တွေပဲဖြစ်ဖြစ် ဘယ်လိုရဲဘော်တွေပဲဖြစ်ဖြစ် ဖမ်းဆီးခံရပါစေ ကျနော်တို့ တွေ ရပ်တန့်မသွားဘူးဆိုတာ ဒီနေ့ဒီချိန်ထိ ကျနော်တို့ မြို့ပြက တော်လှန်ရေး အင်အားစုတွေက သက်သေခံလျက်ရှိပါတယ်။ စစ်အာဏာရှင် မချုပ်ငြိမ်းသရွှေ့ တော်လှန်ရေးအင်အားစုရဲ့မာန် တော်လှန်ရေး အင်အားစုတွေရဲ့အသံဟာ ဆက်လက်ပြီး ပေါ်ထွက်နေမှာပဲဖြစ်ပါတယ်။”

ကိုဇော်လင်းထွဋ် (ခ) ဖိုးသားက ၂၀၂၁ ဒီဇင်ဘာ ၁၉ ရက်မှာ ဆန္ဒပြပွဲတခုကို သွားရာလမ်းမှာ အဖမ်းခံခဲ့ရပြီး ၂၀၂၂ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရကာ ၂၀၂၃ ခုနှစ်၊ မေလမှာ အင်းစိန် အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာဖြစ်ပြီး အခုက ဒုတိယအကြိမ် ထပ်မံ အဖမ်းခံရခြင်း ဖြစ်ပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူတွေကို အောင်မင်္ဂလာအဝေးပြေးကားဝင်းရှေ့က စစ်ကြောရေးမှာ စစ်ကြောခံနေရတယ်လို့ စုံစမ်းသိရပါတယ်။

၂၀၂၄ ဇန်နဝါရီ ၁ ရက်ကနေ စက်တင်ဘာ ၂၄ ရက်အထိ တော်လှန်ရေးနဲ့ စပ်ဆက်ပြီး လူပေါင်း ၅၇၉ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအထဲ လွတ်မြောက်လာပြီးမှ  နောက်ထပ် ၂ ကြိမ် ပြန်လည်ဖမ်းဆီးခံရသူ ၁ ယောက်နဲ့ တကြိမ် ဖမ်းဆီးခံရသူ ၄ ယောက် စုစုပေါင်း ၅ ယောက် ပါဝင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013