
စစ်ကိုင်းတိုင်း၊ တမူးခရိုင်အတွင်းက အရေးပါတဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ ခါမ်းပါတ်မြို့ကို စစ်အာဏာရှင်တပ်တွေက ဇွန် ၂၂ ရက်မှာ အပြီးသတ် ပြန်လည်ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်မှာရှိတဲ့ ခါမ်းပါတ်မြို့ကို ပြန်ရတာကြောင့် နယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ ကလေး-တမူးလမ်းကြောင်းကို ပြန်ဖွင့်မယ်လို့ စစ်တပ်က ဇွန် ၂၀ ရက်မှာ ကြေညာပါတယ်။
ဒါပေမဲ့ ဇွန် ၂၂ ရက်နေ့ရောက်မှ အမှတ် ၁ ရပ်ကွက်ကနေတဆင့် ခါမ်းပါတ်မြို့ မြောက်ဘက်က ကနန်ရွာဘက်ကို ဆုတ်ခွာပေးခဲ့တာလို့ တမူးအခြေစိုက် တော်လှန်ရေး ရဲဘော်တယောက်က ပြောပါတယ်။
အခုချိန်ထိလည်း ရာဇဂြိုဟ်ရွာဝန်းကျင်မှာ တိုက်ပွဲဆက်ရှိနေသလို တမူး-ခါမ်းပါတ် လမ်းပေါ်မှာတော့ ဝိတုတ်ရွာကို စစ်တပ်က မကျော်လာသေးတဲ့အကြောင်း သိရပါတယ်။
တမူးဒေသခံ ရဲဘော်တယောက်က “ခါမ်းပါတ်ကိုဝင်တာက ကလေးကထွက်တဲ့ကောင်။ ကလေးက ထွက်တာကလည်း သူက လမ်းမကြီးအတိုင်းရော၊ လက်ဆေးကန်လမ်းဆိုတာ ဟို တောဘက်က ပတ်ထွက်တဲ့လမ်းကရော အဲလိုပတ်ထွက်တာ၊ တကြောင်းတည်းမဟုတ်ဘူး။ ၃ နေရာ ပတ်ဖြစ်နေတယ် ပြောပါတော့။ လက်ရှိကိုက ချင်းမြောက်ရော၊ ခါမ်းပါတ်ရော ရတယ်ဆိုရင် အများကြီး အခက်အခဲဖြစ်တာတွေတော့ ရှိတာပေါ့နော့်။ အကုန်လုံး တောပြန်ခိုရမှာပေါ့။ သဘောက ဘာလဲဆိုတော့ ခါမ်းပါတ်ရသွားပြီဆိုရင်၊ ခါမ်းပါတ် ဒီဘက်ဆိုရင် ၂ ရွာလောက်ပဲ ကျန်တော့တာလေ၊ ဘုတ်ကန်ကို ရောက်ဖို့က။ ဘုတ်ကန်ကနေ ဟိုဘက်ဆို ဘာမှမကျန်တော့ဘူး။ မကျန်တော့လို့ရှိရင် သူက ဘာဖြစ်မလဲဆိုတော့ ကြားညပ်သွားနိုင်တဲ့ အနေအထား ရှိတာပေါ့။ အဲလိုဖယ်ပေးရရင်လည်း ပြန်ရဖို့ကတော့ အချိန်ယူရမှာ” လို့ ပြောပါတယ်။
ခါမ်းပါတ်မြို့ကို ပြန်ရဖို့ စစ်တပ်က ကလေး-ခါမ်းပါတ် လမ်းအပြင် ကလေး-တမူးလမ်း ၂ နေရာကနေ ညှပ်ပိတ် ထိုးစစ်ဆင်တာ ဖြစ်ပေမဲ့ နေရာအနှံ့ စစ်ကြောင်းတွေ ခွဲချထားပြီး တပ်အင်အား ၁,၀၀၀ ကျော် အသုံးပြုနေတာလို့ မြေပြင်ရဲဘော်က ပြောပါတယ်။
မြန်မာ-အိန္ဒိယနယ်စပ်က တမူး-ခါမ်းပါတ်-ကလေးလမ်းနဲ့ ခါမ်းပါတ်မြို့ကို စစ်တပ်က ဘာကြောင့် တပ်အင်အား ထောင်ချီအပြင် လေကြောင်းနဲ့ ဒရုန်းတွေပါသုံးပြီး ထိုးစစ်ဆင်နေတာပါလဲ။
ခါမ်းပါတ်မြို့ဟာ အိန္ဒိယနိုင်ငံ၊ မိုးရေးမြို့ကတဆင့် တမူး-ကလေးဝ-မန္တလေးကနေ မြဝတီအထိ ချိတ်ဆက်မဲ့ ၃ နိုင်ငံ အဝေးပြေးလမ်းပေါ်မှာ ရှိရုံသာမက စစ်ရေးအရပါ အရေးပါတာကြောင့် ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ကိုဇင်ယော်က ပြောပါတယ်။
“စစ်ရေးအရရော၊ စီးပွားရေးအရရော အရေးပါတာပေါ့နော်။ တမူးနယ်စပ်မြို့နဲ့ အဓိက ကလေးမှာဆိုလည်း သူတို့ စကခ ၁၀ ပေါ့၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ကြီးတခု ရှိတယ်။ ပြီးရင် ခါမ်းပါတ်နဲ့ မနီးမဝေးမှာပေါ့နော် မှန်တောင် မော်လိုက်ဒေသဘက်မှာဆိုရင် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရဲ့ တပ်ရင်းတွေရှိတယ်။ အဲဒီတပ်ရင်းတွေ ရှိနေရဲ့သားကိုပဲ စစ်တပ်က ၂ နှစ်လောက် လက်လွှတ်ထားရတဲ့ အနေအထားမျိုးကို သွားတွေ့ရတယ်။ ပြောရမယ်ဆိုရင် နယ်စပ်လမ်းကြောကို ထိန်းချုပ်ထားတဲ့အပြင် သူတို့ရဲ့ တပ်ရင်းဌာနချုပ်တွေကိုပါ ဝိုင်းပတ် ပိတ်ဆို့ထားနိုင်တဲ့ အနေအထားမျိုးပဲ။ ဒါကြောင့် သူတို့ ဒီ မော်လိုက်ဘက်ကနေလည်း တက်လာတဲ့ အနေအထားမျိုး ရှိတာပေါ့နော်၊ ကလေးဘက်ကရော၊ မော်လိုက်ဘက်ကနေရော တက်ပြီးကာမှ အင်အားအလုံးအရင်းနဲ့ ခါမ်းပါတ်ကို မရ၊ ရအောင် ပြန်ယူသွားတဲ့ အနေအထားမျိုး။”
ဒါ့အပြင် စစ်အာဏာရှင်တပ်ရဲ့ ခါမ်းပါတ်ထိုးစစ်ဟာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် အိန္ဒိယနိုင်ငံကိုသွားပြီး ကုလားတန်စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးစီမံကိန်း ပြန်စဖို့ ပြောဆိုအပြီး ထွက်ပေါ် လာတာပါ။
တဖက်မှာလည်း စစ်တပ်ဟာ တမူး-ခါမ်းပါတ်-ကလေးလမ်းကို ပြန်ပြီးစိုးမိုးနိုင်ခဲ့ရင်တောင် နယ်စပ်က လူမျိုးစုတွေကြားက ကိစ္စရပ်တွေ၊ PDF တွေရဲ့ ကြားဖြတ်တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေတွေကြောင့် အရင်လို နယ်စပ်ကုန်သွယ်ရေးတွေ ပြန်စဖို့ ခက်ခဲနိုင်တဲ့အကြောင်း ဒေသခံတွေက ပြောကြပါတယ်။
အခုလက်ရှိ တိုက်ပွဲတွေကြား နေအိမ်မီးရှို့ခံရမှုနဲ့ အရပ်သားသေဆုံးမှုတွေ ရှိခဲ့သလို ဇွန် ၁၀ ရက်အထိ စာရင်းတွေအရ ကလေးနဲ့ တမူးတကြောက ဒေသခံ တသောင်းကျော် စစ်ရှောင်နေရပြီး အရေးပေါ်ရိက္ခာနဲ့ ဆေးဝါးတွေအပြင် အမိုးအကာတွေ လိုအပ်နေကြပါတယ်။










