DVB Logo
Home
မြန်မာသတင်း
ကရင်နီဒေသတွင် စစ်တပ်ထုတ်ကုန် ရောင်းဝယ်မှုကို တော်လှန်ရေးအဖွဲ့များ ထပ်မံသတိပေး
မောရစ်
·
August 24, 2026
Photo: DVB
Photo: DVB
Donate to DVB

ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်အာဏာရှင်တပ်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေကို သယ်ယူ၊ ရောင်းဝယ်၊ သုံးစွဲတာတွေ မပြုလုပ်ကြဖို့ ထပ်မံသတိပေးလိုက်ပြီး စည်းကမ်းဖောက်ဖျက်ရင် ထောင်ဒဏ်နဲ့ ငွေဒဏ်အပါအဝင် ထိရောက်စွာ အရေးယူသွားမယ်လို့ ပူးပေါင်းအုပ်ချုပ်ရေးကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။ 

ကရင်နီပြည်နယ် နန်းမယ်ခုံ၊ လွိုင်ကော်နဲ့ ဒီးမော့ဆို မြို့နယ်ပူးပေါင်း အုပ်ချုပ်ရေးကောင်စီတွေအပြင် KNDF၊ KA၊ KNPLF နဲ့ ဒေသခံ PDF တပ်ဖွဲ့တွေက ၂ဝ၂၆ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့စွဲနဲ့ ပူးပေါင်းအသိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

စစ်အာဏာရှင်တပ်ရဲ့ စီးပွားရေး အကျိုးအမြတ်တွေကို ထောက်ပံ့မှုမဖြစ်စေဖို့နဲ့ တော်လှန်ရေး လုပ်ငန်းစဉ်တွေမှာ ပြည်သူတွေ တဖက်တလမ်းက ပူးပေါင်းပါဝင်နိုင်ဖို့အတွက် အဓိကရည်ရွယ်ပြီး ပိတ်ပင်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ပိတ်ပင်ထားတဲ့ အဓိက အမှတ်တံဆိပ်တွေကတော့ Dagon Beer, Myanmar Beer, Black Shield Beer, Andaman Beer, Mandalay Beer တို့အပြင် Premium Gold နဲ့ Red Ruby ဆေးလိပ်တို့ ဖြစ်ပါတယ်။ 

တော်လှန်ရေးစထဲက စစ်တပ်ထုတ်ကုန်တွေ ရောင်းဝယ်သုံးစွဲတာတွေမလုပ်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ ခိုးသွင်းရောင်းဝယ်ဖောက်ကားမှုတွေရှိနေတဲ့အတွက် အခုလို နောက်ဆုံးသတိပေးချက်အဖြစ် ထပ်ထုတ်ပြန်ရတာလို့ ပူးပေါင်းအုပ်ချုပ်ရေးအဖွဲ့တယောက်က DVB ကို ပြောပါတယ်။

“ထောင်ဒဏ်ကော ငွေဒဏ်ကော နှစ်မျိုးစလုံး ဖြစ်နိုင်ပါတယ်။ သတိပေးထားတဲ့ကြားကနေ ချိုးဖောက်ခဲ့ရင် ကြီးရင်ကြီးသလို အမှုအပေါ်မှာပဲ မူတည်ပါမယ်။ ဒါတွေကို တော်လှန်ရေး အစကတည်းက အကြိမ်ကြိမ် သတိပေးထုတ်ပြန်ပြီးသားပါ။ ဒါပေမဲ့ တချို့လူတွေက စီးပွားရေးလောဘတက်ပြီး ခိုးသွင်းတာလုပ်ကြတယ်။ ခိုးသွင်းများလာတော့ လူထုတွေလည်း ဝယ်ယူသောက်သုံးတဲ့အဆင့်ထိ ရှိလာတာပါ။ အဲဒါကြောင့် အရေးမယူခင် ထပ်မံသတိပေးတဲ့စာ ထပ်ထုတ်တာပါ။”

တော်လှန်ရေးကာလ ကရင်နီပြည်နယ်ရဲ့ ရိက္ခာနဲ့ ကုန်စည်စီးဆင်းမှုဟာ ထိုင်းနယ်စပ် လမ်းကြောင်းတွေကို အဓိက အသက်ရှူပေါက်အဖြစ် အားကိုးနေရပေမဲ့ ပြည်တွင်းထွက် ဆန်နဲ့ အခြေခံစားသောက်ကုန်တွေကိုတော့ လုံးဝဖြတ်တောက်လို့ မရသေးပါဘူး။ 

စစ်တပ်ရဲ့ ပိတ်ဆို့မှုတွေကြားကနေ တောလမ်းကနေ တင်သွင်းနေရတဲ့အတွက် ကုန်ဈေးနှုန်း အဆမတန်ကြီးမားတဲ့ ဒဏ်ကိုတော့ စစ်ဘေးရှောင်တွေနဲ့ ဒေသခံပြည်သူတွေပဲ အဓိက ခါးစည်းခံနေကြရပါတယ်။

ဒီလို ကုန်စည်သယ်ယူရ ခက်ခဲတဲ့ကြားကနေ စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို တောလမ်းကနေ ခိုးသွင်းနေကြတာဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေမှာ သေချာ စစ်ဆေးနိုင်ခြင်း မရှိသေးတဲ့အတွက် ကရင်နီပြည်နယ်ထဲမှာ စစ်တပ်ထုတ်ကုန်တွေ ပေါနေတာလို့ ဒေသခံတွေက ထောက်ပြပါတယ်။

ဒီးမော့ဆိုဒေသခံတယောက်က “အရင်နှစ်တုန်းကတော့ ဒီ ABC တွေ၊ ရိုးမတွေလေ၊ နောက် မြန်မာဘီယာပုလင်းတွေ ပုလင်းကတော့ နည်းပါတယ်၊ ဘူးပေါ့၊ အဲဒါတွေကို ဖမ်းတာပေါ့၊ အဖမ်းပြတာပေါ့နော်။ ပြောချင်တာကလေ မဖမ်းရဘူး မဟုတ်ဘူး ဖမ်း၊ အရေးယူမယ်ဆိုရင်လည်း ထိထိရောက်ရောက် အရေးယူလိုက်၊ အမုန်းခံပြီးတော့ အလုပ်လုပ်။ အဲဒါဆို ပြည်သူတွေက သူ့ဘာသာသူ ငြိမ်သွားလိမ့်မယ်။ ဘယ်သူမှလည်း အတွန့်တက်ပြီး မလုပ်ရဲဘူး။ သွင်းတဲ့သူက သွင်းနေမှာပဲ ဂိတ်ကစောင့်တယ်ဆိုလည်း သူတို့က တခုချင်းမှ ဝင်မှမစစ်နိုင်တာ တကားချင်း တခုချင်း” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်း ပြည်သူတွေအတွက် အဓိက လိုအပ်နေတဲ့ ဆန်နဲ့ ဆေးဝါး အပါအဝင် အခြေခံရိက္ခာ တင်သွင်းမှုတွေကို စစ်အာဏာရှင်က လမ်းကြောင်းမျိုးစုံကနေ ပိတ်ဆို့ထားပေမဲ့ စစ်တပ်နဲ့ မကင်းတဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်လို စစ်စရိတ်ရနိုင်တဲ့ ကုန်ပစ္စည်းတွေကတော့ တောလမ်းတွေကနေ စိမ့်ဝင်နေဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂ (UN) ရဲ့ အစီရင်ခံစာတွေအရ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ထုတ်ကုန်တွေက ရရှိတဲ့ အကျိုးအမြတ်တွေဟာ စစ်အာဏာရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ဆင်ရေးစရိတ်တွေအတွက် အဓိက ဘဏ္ဍာငွေရင်းမြစ်ဖြစ်နေတာပါ။ 

ကရင်နီပြည်နယ်အတွင်းမှာလည်း စာသင်ကျောင်းတွေနဲ့ စစ်ဘေးရှောင်စခန်းတွေအထိ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်စရိတ်တွေဟာ အဆိုပါ စစ်တပ်ထုတ်ကုန်တွေကနေ ရရှိနေတာကြောင့် တော်လှန်ရေးအဖွဲ့တွေက ပိတ်ပင်ရေးအတွက် ပိုမိုတင်းကျပ် ဆောင်ရွက်လာတာလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013