DVB Logo
Home
နိုင်ငံတကာ
ချင်းမိုင်တွင် ရေကြီးနေသဖြင့် စာသင်ကျောင်းများ ပိတ်ထားရ 
DVB
·
September 25, 2024
ချင်းမိုင်တွင် ရေကြီးနေသဖြင့် စာသင်ကျောင်းများ ပိတ်ထားရ 
Donate to DVB

ထိုင်းနိုင်ငံ ဒုတိယမြို့တော်ချင်းမိုင်မြို့မှာ မိုးဆက်တိုက်ရွာသွန်းတဲ့နောက်  မြို့လယ်ခေါင်ကနေ ဖြတ်သန်းစီးဆင်းနေတဲ့ မယ့်ပင်းမြစ်ရေလျှံကျပြီး မြစ်ကမ်းနားတလျှောက် နေအိမ်နဲ့ လမ်းမပေါ် ရေဝင်ရောက်နေပါတယ်။ 

မယ့်ပင်းမြစ်ရေဟာ စက်တင်ဘာ ၂၄ ရက် ညနေပိုင်းကစ တရိပ်ရိပ်တက်နေလို့   မြစ်ကမ်းနားနီး ပြည်သူတွေအနေနဲ့ ယာဉ်နဲ့ပစ္စည်းတွေကို အမြင့်ပိုင်းကို ရွှေ့ထားဖို့ ကြိုတင်သတိပေးခဲ့ပါတယ်။ 

စက်တင်ဘာ ၂၅ ရက် ဒီနေ့မနက် ၅ နာရီလောက်မှာတော့ မြစ်ရေဟာ နဝရတ်တံတားကနေ တိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၄ ဒသမ ၂၀ မီတာကို ကျော်လွန်ပြီး လျှံကျလာခဲ့ပါတယ်။ 

ကျရွန်းပရထစ်လမ်း၊ ဖားဟမ့်၊ ချန့်ခလန်း၊ ဆီပင်းမိုင်း၊ ပါဒက်၊ ကော်ကလန်၊  နောင်တောဝ်း၊ ဘန့်ကော်စတဲ့ရပ်ကွက်တွေထဲ ရေဝင်လာပြီး အချို့နေရာမှာ ခါးလယ်လောက်ထိ ရောက်နေတယ် လို့ ချင်းမိုင်နယူးသတင်းမှာ ဖော်ပြပါတယ်။ 

ဒီကနေ့  မွန်းလွဲ ၁ နာရီ နဝရတ်တံတားရေချိန်မှတ်မှာ ၄ ဒသမ ၅၀ မီတာထိ ရောက်ရှိနေပြီး ရေဆက်တက်နေဆဲလို့ ဆိုပါတယ်။ 

ဒါကြောင့် မယ့်ပင်းမြစ်အနီးက ဖရဟာလိထိုင်း၊  မုံးဖော်တ်၊ ရီဂျင်းနား၊ ချင်းမိုင်ခရစ်စတင်း၊ CMIS အင်တာနေရှင်နယ်လ်ကျောင်း၊ ကာဝိလ၊ ဒါရာဝိထယားလိုင်း၊ ပရင့်စ်ရွိုင်ရယ်စတဲ့ စာသင်ကျောင်း တွေ ပိတ်ထားရပါတယ်။ 

ချင်းမိုင်မြောက်ဘက် မဲ့တိုင်မြို့နယ်ရှိ မယ်ငတ်ဆည်ကြီးမှာလည်း ရေဟာ ၁၀၄ ဒဿမ ၄၉ ရာခိုင်နှုန်းပြည့်လျှံနေပြီမို့ ဆည်ရေဖောက်ရမယ့်အခြေအနေရှိနေကြောင်း၊ မိုးမတိတ်ဘဲ ဆက်ရွာ နေမယ်ဆိုရင် ဒီကနေ့သန်းခေါင်ကျော် ၁ နာရီနောက်ပိုင်း အနီးနားရှိ ကျေးရွာနဲ့ ရပ်ကွက်တွေထဲ ရေဝင်ရောက်ဖို့ရှိတယ်။ 

အထူးသဖြင့် ဘန့်ပါ၊ ဆောလေးနဲ့ အင်းတခင် အုပ်စုထဲက နေအိမ်တွေ ရေဘေးကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားဖို့ ချင်းမိုင်ခရိုင် ဆည်မြောင်းနဲ့တူးမြောင်းဌာနက ကြေညာထားတယ်လို့ ဆိုပါတယ်။ 

ချင်းမိုင်- ချင်းရိုင်းသွား ကားလမ်းပေါ်ရှိ ဝိန်းပါပေါက်မြို့နယ်ထဲမှာလည်း ရေကြီးနေလို့  ချင်းမိုင်- ချင်းရိုင်းသွား ယာဉ်ကြီးယာဉ်ငယ်တွေ ဖြတ်သန်းသွားလာလို့ မရသေးဘူးလို့ သက်ဆိုင်ရာက ဒီနေ့မနက် ၉ နာရီခွဲမှာ ထုတ်ပြန်ကြေညာထားပါတယ်။ 

ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံ ချင်းရိုင်း၊ ချင်းမိုင်၊ နန့်၊ လမ်းပန်း၊ လမ်းဖွန်း၊ ဖရဲ့၊ ဖစ်ချ်ဘွန်း၊ ဗိစနုလုတ်၊ ဆုခိုထိုင်း၊ လွေး၊ နောင်ခိုင်း၊  ဥဒွန်းဌာနီ၊ ခွန်ကဲန်၊ ချိုင်းယဖုမ်း၊ ပရာကျင်းပူရီ၊ အယုဒ္ဓယ စတဲ့ ၁၆  ခရိုင်မှာ ရေကြီးရေလျှံမှုဖြစ်ပွားပြီး ၅၄ မြို့နယ်၊ ၂၁၇ အုပ်စု၊ ၈၅၇ ရပ်ကွက်/ကျေးရွာက အိမ်ထောင်စုပေါင်း ၂၃၈၅၁ စု ရေဘေးသင့်နေတယ်လို့ ဖော်ပြထားပါတယ်။ 

ကိုးကား - ချင်းမိုင်နယူးစ် ၊ ချင်းမိုင်ဒေသတွင်းသတင်း ၊  DDPM 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013