DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက်အလုပ်သမား၏လွှဲပို့ငွေ ၃ လစာတင်ပြရန် အေဂျင်စီများကို စစ်ကောင်စီ ဖိအားပေး
DVB
·
September 24, 2024
ပြည်ပရောက်အလုပ်သမား၏လွှဲပို့ငွေ ၃ လစာတင်ပြရန် အေဂျင်စီများကို စစ်ကောင်စီ ဖိအားပေး
Donate to DVB

ပြည်ပရောက် အလုပ်သမားက မိသားစုဆီ လွှဲပို့ငွေ ၃ လစာကို ထပ်ပြီးတင်ပြရမယ်ဆိုပြီး စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ အေဂျင်စီလုပ်ငန်းအသိုက်အဝန်း က သိရပါတယ်။

စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့နှစ်အတွင်း ပြည်ပကို စေလွှတ်ခဲ့တဲ့ အလုပ်သမားရဲ့ မိသားစုဆီ လွှဲပို့ငွေ ၁ လစာရဲ့ ၂၅ ရာခိုင်နှုန်း အထောက်အထားတောင်းခံခဲ့ပြီး အခုက ဒီနှစ်ရဲ့ပထမ ၃ လစာ လွှဲပို့ငွေ အထောက်အထားကို ထပ်တောင်းနေတာလို့ ဆိုပါတယ်။

ပထမအကြိမ် အထောက်အထားတောင်းစဥ်က သတ်မှတ်ရာခိုင်နှုန်း ပြည့်မီအောင် မပေးပို့နိုင်တဲ့ အေဂျင်စီ ၈၁ ခုကို အလုပ်ခေါ်စာအသစ် (Demand Letter) တင်ပြခွင့်ဆိုင်းငံ့ခံထားရပြီး အခု ထပ်မံ ဖိအားပေးတာကြောင့် အရေးယူခံရနိုင်မယ့် အခြေအနေရှိတယ်လို့ အေဂျင်စီတချို့က ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီကိုယ်စားလှယ်တယောက်က “ပထမတလစာတုန်းကလည်း အေဂျင်စီတွေက အလုပ်သမားတွေကို ဆက်သွယ်မရတော့ အရေးယူမခံရအောင် အလုပ်သမား ကိုယ်စားငွေလွှဲပြီး အထောက်အထားတွေ လုပ်ကြရတယ်။ ငွေစျေးကွာဟတော့ နစ်နာဆုံးရှုံးမှု တွေလည်း များတယ်။ အခုက ၃ လစာ အထောက်အထားပြရမယ်ဆိုတော့ အတော် အကျပ် ရိုက်ကုန်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက အေဂျင်စီတွေကို စေလွှတ်ခဲ့တဲ့ အလုပ်သမားဦးရေ ၅၀ ရာခိုင်နှုန်းရဲ့ ပို့ငွေအထောက်အထားပြရမယ်ဆိုပြီး ဖိအားပေးထားတာပါ။

စာရင်းအထောက်အထားမပြနိူင်တဲ့ အေဂျင်စီနဲ့ သတ်မှတ်ရာခိုင်နှုန်းပြည့်အောင် မတင်ပြနိုင်တဲ့ အေဂျင်စီတွေကို စစ်ကောင်စီက ဒဏ်ကြေးဆောင်ခိုင်းတာ၊ စေလွှတ်ရေးလုပ်ငန်းစဥ်နဲ့ အလုပ်ခေါ်စာအသစ် တင်ခွင့်ဆိုင်းငံ့တာမျိုးတွေ လုပ်ဆောင်နေပါတယ်။

အဲဒါကြောင့် အေဂျင်စီတွေအနေနဲ့ စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေကို ရသလောက်ဆက်သွယ်ပြီး ငွေလွှဲဖို့ စည်းရုံးနေကြရသလို အထောက်အထားတင်ပြရမယ့် သတ်မှတ်လုပ်သားဦးရေ ပြည့်အောင်တင်ပြနိုင်ဖို့ အမည်ခံငွေလွှဲပြီး စာရင်းတင်ရတာမျိုး လုပ်နေရတယ်လို့ အဲဒီ လုပ်ငန်းအသိုက်အဝန်းက ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ ဒါရိုက်တာတယောက်က “အိတ်စိုက်ပြီး လုပ်ရတာကြာတော့ မခံနိုင်ကြတော့ဘူး။ အလုပ်သမားကို ဆက်သွယ်လည်း သူလွှဲမှရတာ၊ ကိုယ်တွေက အရေးယူလို့ ရတာမှမဟုတ်တာ။ ဒီအတိုင်းဆိုရင် လိုင်စင်ပြန်အပ်ပြီး နားကြတာမျိုးတွေ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက လွှဲပို့ငွေ ၃ လစာအထောက်အထားကို အောက်တိုဘာ ၁ ရက်ကစပြီး တရက်ကို အေဂျင်စီ ၅၀ စီက မန်နေဂျင်းဒါရိုက်၊ ဒါရိုက်တာ၊ တရားဝင် ကိုယ်စားလှယ်တယောက်ယောက်က နေပြည်တော်ရုံးချုပ်ဆီ လာရောက်တင်ပြရမယ်လို့ ညွှန်ကြားစာမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားနေတာကြောင့် ပြည်ပရောက် အလုပ်သမားတွေရဲ့ လွှဲပို့ငွေကတဆင့် နိုင်ငံခြားငွေရရှိအောင် အသည်းသန်ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ငွေလွှဲမပို့တဲ့အလုပ်သမားတွေကို နောက်တကြိမ်အလုပ်နဲ့ပြည်ပထွက်ခွင့်ပိတ်တာ၊ ပြည်ပ အလုပ်အကိုင်သက်သေခံကတ် လုပ်မပေးတာမျိုးနဲ့ အရေးယူမယ်ဆိုပြီး ခြိမ်းခြောက် ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013