DVB Logo
Home
မြန်မာသတင်း
ငါန်းဇွန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ ထီးလင်းတွင် စစ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်
DVB
·
September 24, 2024
ငါန်းဇွန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၊ ထီးလင်းတွင် စစ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်
1 / 2
Donate to DVB

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့မရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၀ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် ၂ ယောက်သေဆုံးပြီး တယောက် အပြင်းအထန် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

HERO DEFENCE FORCE - မြင်းခြံရဲ့ တာဝန်ခံတယောက်က “မြို့သာရဲစခန်းမှာ တပ်စွဲနေတဲ့ စစ်ကြောရေးမှူးနဲ့ ရဲ ၂ ဦးက မြို့သာရဲစခန်းကနေ မင်းနေကုန်းရဲစခန်းကို အိမ်စီးကားနဲ့ ထွက်လာတာကို သတင်းရလို့ မင်းနေကုန်းရဲစခန်းနားမှာ လမ်းကနေ ကြိုစောင့်ပြီး တိုက်ခိုက်ခဲ့တာပါ” လို့ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကြောရေးမှူးနဲ့ ရဲတပ်ဖွဲ့ဝင်တယောက် သေဆုံးပြီး ရဲတပ်ဖွဲ့ဝင်တယောက် အပြင်းအထန် ဒဏ်ရာရရှိကာ စီးနင်းလာတဲ့ကားကို ထားကာ ထွက်ပြေးသွားပါတယ်။

သူတို့စီးနင်းလာတဲ့ အိမ်စီးကားပေါ်ကနေ G3 ကျည် ၃၇၄ တောင့်၊ G3 ကျည်ဘောက် ၂ ခုနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့​တယ်လို့ ဆိုပါတယ်။

HERO DEFENCE FORCE - မြင်းခြံရဲ့ ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ HERO DEFENCE FORCE - မြင်းခြံနဲ့ MGN TIGER တို့ ညီနောင်မဟာမိတ် ၂ ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ခိုက်ခဲ့ကြတဲ့ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်းလုံခြုံတဲ့ နေရာရောက်မှ မစ်ရှင်သတင်း ထုတ်ပြန်ရတာပါဗျ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က စတင်ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့နယ်တို့မှာ “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO)” အဖြစ် ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေဖော်ဆောင်ကာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာလည်း ဖြစ်ပါတယ်။

မကွေးတိုင်း၊ ထီးလင်းမြို့က စစ်ကောင်စီတပ်သားတယောက်ဟာ သေနတ်တလက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်းက စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဂန့်ဂေါခရိုင် အမှတ် ၁၈ တပ်ရင်းရဲ့ ​ပြန်ကြားရေးတာဝန်ခံတယောက်က “ကျနော်တို့ဆီကို သူ အလင်းဝင်လာတာက အခုလ ၁၁ ရက်နေ့ကပါ။ သူအပြင် သူ့မိသားစုတွေရဲ့ လုံခြုံရေးကိစ္စအဝဝ ဆောင်ရွက်ပေးနေရတာဖြစ်လို့ အခုမှ သတင်းထုတ်ပြန်ပေးရတာပါ” လို့ DVB ကို ပြောပါတယ်။

အလင်းဝင်ရောက်လာသူဟာ ထီးလင်းမြို့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်သားအဆင့်ရှိသူဟာ ကိုယ်ပိုင်နံပါတ် တ/၅၆၀၃၀၄ ထက်လင်းအောင် ဖြစ်ပြီး MA 3 သေနတ်တလက်၊ ကျည်ဘောက်တခု၊ ၅.၅၆ မမ ကျည်အတောင့် ၂၀ တို့နဲ့အတူ အလင်းဝင်ရောက်လာတာပါ

ဂန့်ဂေါခရိုင်အမှတ် ၁၈ တပ်ရင်းရဲ့ ​တာဝန်ခံတယောက်က “ထက်လင်းအောင်ကို ၁၆ ရက်နေ့မှာ ဂုဏ်ပြုဆုငွေ သိန်း ၅၀ ချီးမြှင့်ခဲ့​ပါတယ်။ သူ့ရဲ့ ဘဝရှေ့ရေးအတွက် အလုပ်အကိုင်ရရှိရေးနဲ့ နေထိုင်စားသောက်ရေးတွေကအစ ကူညီဆောင်ရွက်ပေးသွားမှာပါ” လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်သားတွေဟာ တိုင်းပြည်နဲ့ လူမျိုးအတွက် တာ၀န်ထမ်းဆောင်နေရတာ မဟုတ်ဘဲ စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့မိသားစုကို ကာကွယ်နေရတာ ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ထဲမှာ ကျန်နေသေးသူတွေဟာ အခြေအနေမှန်ကို နားလည်သဘောပေါက်ပြီး ပြည်သူနဲ့ အမြန်ဆုံးပူးပေါင်းကာ ပြည်သူ့ဘက်ကို မျက်နှာမူပြီး အလင်းဝင်ရောက်ကြဖို့ ဖိတ်ခေါ်တိုက်တွန်းလိုပါတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်ကလည်း ထီးလင်းမြို့က စစ်ကောင်စီတပ်သားတယောက်ဟာ စနိုက်ပါသေနတ်တလက်နဲ့အတူ Yaw Revolution Army (YRA-ထီးလင်း) ဆီကို အလင်းဝင်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013