DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်၌  ရွာသားအဘိုးအို ၁ ဦးနှင့်  တော်လှန်ရေးရဲဘော်၂ ဦးကို စစ်တပ်က သတ်ဖြတ်
DVB
·
September 24, 2024
ဘုတလင်မြို့နယ်၌  ရွာသားအဘိုးအို ၁ ဦးနှင့်  တော်လှန်ရေးရဲဘော်၂ ဦးကို စစ်တပ်က သတ်ဖြတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကတိုး‌ကျေးရွာမှာ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်း  စစ်ကောင်စီ စစ်ကြောင်းက  ရွာသား အဘိုးအိုတယောက်နဲ့   တော်လှန်ရေးရဲဘော် ၂ ယောက်ကို ဖမ်းဆီး သတ်ဖြတ် သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသတ်ခံရသူတွေထဲက တယောက်ဟာ  အသက် ၇၀ အရွယ် သက်ကြီးရွယ်အိုတယောက် ဖြစ်ပြီး ကျန် ၂ ယောက်ကတော့ ဝန့်တုံရွာက ရပ်ကျေးပကဖအဖွဲဝင်တွေ ဖြစ်တယ်လို့ ကတိုးရွာသား တယောက်က ပြောပါတယ်။

“ကျနော်တို့ရွာကို စက်တင်ဘာ ၂၂ ရက် ညနေ ၅ နာရီ၀န်းကျင်က ဝင်တယ်။ ဘယ်ကနေ လာတဲ့ စစ်ကြောင်းလဲဆိုတော့ ဘုတလင်မြို့ကနေ ကျွဲသေချောင်းရွာညအိပ်ပြီး ကျနော်တို့ရွာကို ထပ်စစ်‌ကြောင်းထိုး ဝင်ရောက်လာတယ်။ ညနေ ၅ နာရီကျော်အချိန်ကြတော့ ရွာထဲက ပြည်သူ တွေရဲ့ နေအိမ် ၂၀ ကျာ်ကို မီးရှို့ တယ်ဗျ။ ရွာသားတွေကတော့ စစ်ကြောင်းလာပြီဆိုတာနဲ့ ရွာထဲကနေ အကုန်ထွက်ပြေးရတယ်။ ဒီနေ့ မနက်ပိုင်းကြတော့ စစ်ကြောင်းက ရွာထဲကနေ ထွက်သွားပြီအထင်နဲ့ ရွာသားတွေ ရွာထဲပြန်အဝင်မှာ စစ်တပ်နဲ့ ထိပ်တိုက်တိုးပြီး အဖမ်းခံရကာ အခုလို အသတ်ခံလိုက်ရတာ။”

ကတိုးရွာအနီးမှာ စစ်ကောင်စီ စစ်ကြောင်းက မထွက်သေးတာကြောင့် ကတိုးရွာက ပြည်သူတွေ အပါအဝင် ရွာမွန်၊ အောင်ချမ်းသာစတဲ့ ရွာသူရွာသားများထောင်နဲ့ချီ နေရပ်စွန်ခွါ နေကြရဆဲ ဖြစ်ပါတယ်။

ကတိုးရွာဟာ စက်တင်ဘာ ၁၈ ရက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ကူတော်ရွာရဲ့ အရှေ့ဘက်မှာတည်ရှိပြီး ၂ မိုင်ကျော် လောက်သာ ဝေးတဲ့ ကျေးရွာ လည်း ဖြစ်ပါတယ်။

ဘုတလင်မြို့နယ်ပြည်သူကာကွယ်ရေး တာဝန်ရှိသူတယောက်က “စစ်ကြောင်းရွာထဲက ထွက်သွားပြီအထင်နဲ့ ရွာထဲရှင်းလင်းရေးဝင်လုပ်ဖို့သွားတာကို စစ်တပ်နဲ့ တန်းတိုးဖမ်းမိပြီး အသတ်ခံလိုက်ရတာဗျ။ ကတိုးရွာကအဘိုးကြီးအမည်ကတော့ မသိဘူး။ အသက်အရွယ်ကတော့ ခန့်မှန်း ခြေ ၇၀ ကျော်မယ်။ ဝန့်တုံရွာကရဲဘော် ၂ ဦးရဲ့ အမည်ကတော့ ကိုနန်းအောင်နဲ့ ကိုနိုင်ထွန်းတို့ ဖြစ်ပါတယ်ဗျ။ စစ်ကြောင်းကလည်း အခုထိ ကတိုးရွာအနီး ပတ်ဝန်းကျင်မှာ ရှိနေဆဲ”လို့  ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ ဘုတလင်မြို့ကနေ စတင်ထွက်ခွါလာပြီး ကျွဲသေချောင်းရွာက ပြည်သူ တယောက်ကိုလည်း အခုလို သတ်ဖြတ်သွားခဲ့တာကြောင့် အခုစက်တင်ဘာ ၁၈ ရက်မှ စက်တင်ဘာ ၂၂ ရက်အထိ စစ်တပ်က သတ်ဖြတ်သွားသူ ၄ ယောက်ရှိပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ ရက်ကလည်း ကတိုးရွာသား ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခဲ့တာရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013