DVB Logo
Home
မြန်မာသတင်း
ထိုင်းကွန်ဒို တိုက်ခန်းများကို မြန်မာစစ်တပ်အသိုက်အဝန်းနှင့် ခရိုနီတို့ အများဆုံးဝယ်ယူ
DVB
·
September 23, 2024
ထိုင်းကွန်ဒို တိုက်ခန်းများကို မြန်မာစစ်တပ်အသိုက်အဝန်းနှင့် ခရိုနီတို့ အများဆုံးဝယ်ယူ
Donate to DVB

၂၀၂၄ ခုနှစ် ပထမ ၆ လအတွင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူတွေထဲ မြန်မာနိုင်ငံသားတွေက ဒုတိယ အများဆုံးဖြစ်တယ်လို့ ထိုင်းအစိုးရ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ (REIC) က စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ပါတယ်

ထိုင်းနိုင်ငံက ကွန်ဒိုအများဆုံး ဝယ်ယူမှု စာရင်းမှာ မြန်မာနိုင်ငံက ဝယ်ယူသူ ၆၃၈ ခန်းနဲ့ ဒုတိယနေရာ၊ ရုရှားနိုင်ငံက ၅၆၇ ခန်း၊ ထိုင်ဝမ်က ၃၂၆ ခန်းနဲ့ အမေရိကန် ၂၉၂ ခန်း တို့ဖြစ်ပြီး တရုတ်နိုင်ငံက ၂၈၇၂ ခန်းနဲ့ ပထမနေရာမှာ ရပ်တည်နေကြောင်း REIC က ထုတ်ပြန်ထားတာပါ။

လက်ရှိ ထိုင်းနိုင်ငံမှာ ကွန်ဒို အများဆုံး ဝယ်ယူကြသူတွေက စစ်တပ်နဲ့ ပတ်သက်တဲ့ အသိုက်အဝန်း၊ ငွေကြေး ချမ်းသာတဲ့ ခရိုနီတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ အများဆုံး ဝယ်ယူကြတယ်လို့ ထိုင်းကွန်ဒို အရောင်းအဝယ် အေးဂျင့်လုပ်ကိုင်သူတွေက ပြောပါတယ်။

ထိုင်း အိမ်ခြံမြေ အကျိုးဆောင် တယောက်က “လက်ရှိ ကွန်ဒို ဝယ်ယူတာတော့ ဘယ်လိုမျိုးလဲဆိုတော့ စစ်တပ်ဘက်က အသိုက်အဝန်းတွေက လတ်တလောက ငွေတအား ရွှင်တယ်လေ။ သူတို့တွေ ဝယ်တာရှိတယ်။ နောက်တမျိုးက မြန်မာပြည်မှာ ပိုက်ဆံရှိတဲ့သူတွေ၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ မလျော့သွားအောင် ဒီဘက်မှာ လာပြီးတော့ လာနေဖို့အတွက် နေစရာ အိမ်ရှိဖို့ ဝယ်တာ ရှိတယ်။ အဲ့လိုလူတွေ အများဆုံး ဝယ်တာပါ။ ကွန်ဒို ဝယ်တဲ့အခါမှာ အများစုကတော့ ပြည်ပငွေနဲ့ပဲ လွှဲရတာ ဖြစ်တဲ့အတွက် သူတို့က Banking သုံးတယ်။ စစ်တပ်ဘက်က အသိုက်အဝန်းကလည်း သူတို့ဆိုင်ရာ ဆိုင်ရာ ရှိမှာပေါ့။ ပြည်ပမှာ သူတို့ ဘဏ်အကောင့်တွေ ရှိတယ်။ အဲဒီကနေ တဆင့် ထိုင်းနိုင်ငံကို ငွေလွှဲပြီး ဝယ်ယူကြတယ်။ အရပ်သားတွေ ကျတော့လည်း အေးဂျင့်တွေရဲ့ အကူအညီ ယူပြီးတော့ ငွေလွှဲပြီး ဝယ်ယူကြတယ်။ ထိုင်းမှာတော့ ဒီလောက် များတဲ့ ငွေပမာဏကို cash နဲ့ မပေးဘူး။ Banking နဲ့ပဲ ဝယ်ယူကြတယ်”လို့ ပြောပါတယ်။

နိုင်ငံခြားသားတွေ ကွန်ဒို ဝယ်ယူမှု အများဆုံး နေရာတွေဟာ ချွန်ဘူရီ၊ ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင်နဲ့ စမွတ်ပရာကန်မြို့တွေမှာ ဖြစ်ကြပြီး ၇၅ ရာခိုင်နှုန်းက ဘန်ကောက်နဲ့ ချွန်ဘူရီမှာ အဝယ်များကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ကွန်ဒိုဝယ်ယူမှု အများဆုံးစာရင်းမှာ တရုတ်နိုင်ငံသားတွေဟာ ၂၀၁၈ ကစလို့ ၂၀၂၄ ခုနှစ်အထိ နံပါတ် ၁ နေရာမှာ ရပ်တည်နေတာပါ။ ရုရှားနိုင်ငံသားတွေဟာ နံပါတ် ၂ နေရာမှာ ရပ်တည်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာမှ မြန်မာနိုင်ငံသားတွေဟာ ထိုင်းကွန်ဒို ဝယ်ယူမှု ထိပ်တန်းစာရင်းမှာ ပါဝင်ခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှုနဲ့ မြန်မာ ကျပ်ငွေ တန်ဖိုး ကျဆင်းတာတွေကြောင့် မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းတွေ အဝယ်များလာခဲ့တာပါ။

ထိုင်းကွန်ဒို အရောင်း အေးဂျင့်ကိုလင်းက “နောက်ပိုင်းမှာက မြန်မာတွေက အဝယ်များလာမယ်။ လက်ရှိလည်း အဝယ်များနေတယ်။ အဝယ်များနေတာ ၆ လ၊ တနှစ်လောက် ရှိပြီ။ နောက်ပိုင်းလည်း ဒီထက်ပိုပြီး အဝယ်များလာမယ် မြင်ရတယ်။ ဘာပဲပြောပြော မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကြောင့် လူတိုင်းလူတိုင်းက နောက်ထပ် ကိုယ့်ရဲ့ Second home (ဒုတိယအိမ်) တနိုင်ငံ တခုခုကို လူတိုင်းက စဉ်းစားနေကြတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံး ထိုင်းနိုင်ငံကိုတော့ လူတိုင်းက Second home  အနေနဲ့ စဉ်းစားထားကြတယ်”လို့ ပြောပါတယ်။

၂၀၂၄ ဇွန်လပထမအပတ်တွင်းမှာ ထိုင်းနိုင်ငံကနေ ကွန်ဒို တိုက်ခန်းဝယ်ယူခဲ့တဲ့ မြန်မာနိုင်ငံသား ၃ ယောက်နဲ့ ထိုင်းကွန်ဒိုတွေကို ရန်ကုန်မှာ အရောင်းပြပွဲလုပ်ခဲ့တဲ့ မင်းသူ ကုမ္ပဏီမှ တာဝန်ရှိသူ ၂ ယောက်တို့ကို စစ်ကောင်စီ ဖမ်းဆီး အရေးယူခဲ့ပါသေးတယ်။

ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေမှာ ကွန်ဒိုတိုက်ခန်း ဝယ်ယူသူတွေ၊ တရားမဝင် ဟွန်ဒီ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဗဟိုဘဏ် ခွင့်ပြုချက်မရဘဲ ပြည်ပမှာ ဘဏ်စာရင်း ဖွင့်လှစ်ထားသူတွေကို အရေးယူမယ်လို့လည်း စစ်ကောင်စီက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းတုန်းကတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် မြန်မာနိုင်ငံကနေ ထိုင်းကွန်ဒို အဝယ် ဈေးကွက် အနည်းငယ် ငြိမ်သက်ခဲ့ပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013