DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရ
DVB
·
September 23, 2024
တနင်္သာရီတွင် စစ်တပ် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး ပြင်းထန်ဒဏ်ရာရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာမှာ စက်တင်ဘာ ၂၃ ရက် မနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၃ ယောက်မှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

‌မော်တုန်းရွာအခြေစိုက် ၃ဝ၆ အမြောက်တပ်ကနေ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ညောင်ပင်ကုန်းရွာခံ အသက် ၃၆ နှစ်အရွယ် ဒေါ်ကမိုးနဲ့ အသက် ၃၂ နှစ်အရွယ် ဒေါ်ငြိမ်းငြိမ်းယု အပါအဝင် အသက် ၆ဝ အရွယ် ဒေါ်တင်ရီ ဆိုသူ အမျိုးသမီးတို့မှာ ဗုံးသီးထိမှန်ဒဏ်ရာ ရခဲ့ကြတယ်လို့ ပြောပါတယ်။

မော်တုန်းရွာသားတယောက်က “ညောင်ပင်ကုန်းလမ်းဆုံမှာ ကျတယ်။ သူငယ်ချင်းအမေ တယောက်လည်း ထိသွားတယ်။ အမြောက်တပ်ကနေ ဒရုန်းနဲ့ ဗုံးသီးလာချတာပါ။ သူတို့က ဗုံးသီးလိုက်ချနေတာပဲ။ တခြားနေရာတွေမှာလည်း လိုက်ချနေတယ်။ နေအိမ်တွေတော့ မပျက်စီးဘူး” လို့ ပြောပါတယ်။

ထိခိုက်လူနာ ၃ ယောက်စလုံးမှာ ဒဏ်ရာပြင်းထန်ပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပြီး ဒေါ်တင်ရီမှာတော့ နားအနောက်ဘက်နဲ့ ညာဘက်ပေါင်မှာ ထိခိုက်ကာ ဒေါ်ငြိမ်းငြိမ်းယုမှာတော့ လက်တဖက် ဒဏ်ရာရခဲ့ပြီး ဒေါ်ကမိုးမှာတော့ ခြေနှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။

ထိခိုက်လူနာ အမျိုးသမီးတွေကို အဆိုပါနေ့ နေ့လယ် ၁ နာရီမှာ နာရေးကားတွေနဲ့ မြိတ်မြို့ ရှိ စစ်တပ်ဆေးရုံ ပို့ဆောင်ခဲ့ပေမဲ့ လက်မခံတာကြောင့် မြိတ်ပြည်သူ့ဆေးရုံကြီးဆီကို တဖန်ပို့‌ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရွာခံတယောက်က “သွေးတွေတအားအထွက်များပြီးတော့ လက်လှမ်းမီသလောက် ဆေးခန်းတွေမှာ ပြတယ်။ အဆင်မပြေတော့ မြိတ်က နာရေးကား အကူအညီတောင်းပြီး မြိတ်တပ်ဆေးရုံကို ပို့တယ်။ တပ်ဆေးရုံက အဆင်မပြေဘူးဆိုပြီး မြိတ်ဆေးရုံကြီးကို ပို့ခိုင်းတယ်။ လူနာတွေက စိုးရိမ်စရာမရှိဘူး။ အသက်အန္တရာယ်လမ်းကြောင်းက လွတ်တယ်။ ခြေတွေ၊ လက်တွေမှာပဲ ထိထားတော့လေ” လို့ ပြောပါတယ်။

ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းရွာမှာ မော်တုန်းရွာ (အနောက်ကမ်း) နဲ့ တဖက်ကမ်းမှာ ရှိပြီးတော့ အရပ်သားပြည်သူတွေမှာ အရင်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာသူတွေ များပြားပြီး တိုက်ပွဲငြိမ်သက်လာတဲ့အချိန် အနည်းစုသာ ရွာထဲပြန်လာ နေထိုင်ကြတာ ဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ကလည်း စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခံရတာကြောင့် တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာက အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသားတ‌ေယာက်တို့ ပြင်းထန်ဒဏ်ရာရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013