
ရခိုင်ပြည်နယ် သံတွဲမြို့နယ်ကို ဇူလိုင် ၂၃ ရက်မှာ စစ်အာဏာရှင်တပ်က နေ့ရောညပါ လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ၁၁ ယောက် ဒဏ်ရာရရှိခဲ့သလို ကျောက်ဖြူ မြို့နယ်ကိုလည်း ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သံတွဲမြို့နယ် အမှတ် (၇) ရပ်ကွက်ကို မနေ့ မနက်အစောပိုင်း ၁၂ နာရီ မိနစ် ၂၀ လောက်မှာလည်း စစ်တပ်က ဂျက်တိုက်လေယာဉ် တစင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ယောက်ထပ်မံ ဒဏ်ရာရရှိခဲ့တယ်လို့ သံတွဲမြို့ခံအမျိုးသားတယောက်က ပြောပါတယ်။
“မနေ့က ညသန်းခေါင်ယံအချိန် ထပ်ပြီးလာကြဲတာ။ ၇ ရပ်ကွက်ကို ကျတယ်။ ဗုံး ၄ လုံး တောင် ကျတာ ရပ်ကွက်ထဲကို၊ အမျိုးသမီး ၃ ယောက်၊ အမျိုးသားတယောက်ဒဏ်ရာရတယ်။ နေ့ခင်းက ငပလီကို ကြဲလို့ ၇ ယောက်ဒဏ်ရာရတယ်။ တရက်တည်းမှာ ၁၁ ယောက်ရတာ။"
ဒဏ်ရာရသွားသူတွေကတော့ သံတွဲမြို့ပေါ် အမှတ် (၇) ရပ်ကွက်က ဒေါ်သီတာ အသက် (၅၃ နှစ်)၊ မောင်ငယ်ငယ်လွင် အသက် (၁၄ နှစ်)၊ မသက်နှင်းခိုင် အသက် (၂၀ နှစ်) နဲ့ မဝါဝါ အသက် (၂၄ နှစ်)တို့ ဖြစ်ကြပါတယ်။
စစ်အာဏာရှင်တပ်ဟာ ဇူလိုင်လအတွင်း သံတွဲနဲ့ ဂွကို လေကြောင်းတိုက်ခိုက်မှု အများဆုံး ပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း များလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က နေ့ခင်းပိုင်းမှာလည်း ငပလီမြို့ကို ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆရာတော်တပါးနဲ့ ကလေးတယောက်အပါအဝင် အရပ်သား ၇ ယောက် ဒဏ်ရာရရှိခဲ့လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင် ၁၉ ရက် ညနေကလည်း သံတွဲမြို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတစီးနဲ့ ၄ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါ့အပြင် ကျောက်ဖြူ စစ်မျက်နှာ ၃ ခုမှာလည်း စစ်အာဏာရှင်တပ်တွေ အထိနာနေတဲ့အတွက် လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်မော်ဦး(ကြီး)အနီးရှိ အဝတောင်စခန်း၊ မင်းပြင်နဲ့ သိုင်းချောင်း ပတ်ဝန်းကျင်မှာ စစ်အာဏာရှင်တပ်ရဲ့ ကာကင်းစစ်ကြောင်းတွေဟာ AA ရဲ့မြေပြင် တိုက်ခိုက်မှု၊ စနိုက်ပါ၊ ဒရုန်းနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် အထိနာနေတဲ့အတွက် လေကြောင်းကနေ ဗုံးလာကြဲတာလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
"စကစဘက်က လှုပ်မရတော့ဘူး။ AA ဘက်က အဲဒီစစ်မျက်နှာတွေကို ထောက်ပို့လုပ်တဲ့ စစ်ကြောင်းတွေကိုလည်း ကြားဖြတ်တိုက်တယ်၊ ကာကင်းစစ်ကြောင်းကိုလည်း နည်းမျိုးစုံနဲ့တိုက် နေတယ် အထိခိုက်တော့ရှိနေတယ်။”
အခုလိုအထိခိုက်များနေတဲ့အတွက် အဲဒီစစ်မျက်နှာ ၃ ခုအနီးအနား နဲ့ တောတောင်တွေကို ဂျက်ဖိုက်တာ ၂ စီး၊ Y12 တစီးလာရောက်ပြီး ဇူလိူင် ၂၃ ရက်နေ့က ဗုံးကြဲခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
"လေယာဉ်က ဗုံးကြဲမှုလည်းရှိတယ်၊ ဂျိုင်ရိုကော်ပတာနဲ့ ကြဲတယ်၊ နောက်ပြီး ဒရုန်းနဲ့လာချတယ်။ ပင်လယ်က ရေတပ်ဆို နေ့ရောညပါ တခါတရံပစ်ခတ်တယ်။"
ခုလို စစ်အာဏာရှင်တပ်က ဒေသခံတွေကို ပစ်မှတ်ထားပြီး နေ့စဉ်ရက်ဆက် ဗုံးကြဲ သတ်ဖြတ်နေတဲ့အပေါ် စစ်ရေးလေ့လာသူ ရခိုင်ဒေသခံတယောက်က “လူတွေကို နေ့တိုင်းသတ်နေတာက ငြိမ်းချမ်းရေးဖော်ဆောင်တာလား။ စစ်ပွဲကို ဒီထက်ဖြစ်လာအောင် သွေးထိုး နေတာလား မသဲကွဲဘူး။ လူတွေကိုသတ်နေသရွေ့ ငြိမ်းချမ်းရေးဆိုတာရှိလာမယ် မထင်ဘူး" လို့ ပြောပါတယ်။
စစ်တပ်ဟာ ကျောက်ဖြူမှာ AA ထိန်းချုပ်နေရာတွေကို ထိုးစစ်အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမဲ့ ရှေ့မတိုးနိုင်ဘဲအကျဆုံးများစွာနဲ့ နောက်ဆုတ်နေရချိန် အခုလက်ရှိ အထိုင်စခန်းတွေကိုပါ AA က ပစ်ခတ်တိုက်ခိုက်နေတဲ့အတွက် ဇူလိုင် ၂၁ ရက်ည ၉ နာရီလောက်က တောင်မော်ဦးရေတပ်ကို နောက်ထပ်အင်အား ၁၅၀ ကျော် ဖြည့်ခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။











