DVB Logo
Home
ဆောင်းပါး
သေသည့်တိုင် CDM ဂုဏ်ပုဒ်နဲ့ သူမ
DVB
·
September 23, 2024
သေသည့်တိုင် CDM ဂုဏ်ပုဒ်နဲ့ သူမ
Donate to DVB

ဒီကာလမှာ စစ်အာဏာရှင်စနစ်ကို ခံယူချက်ရှိစွာ Civil Disobedience Movement (CDM) ပြုလုပ်လာကြတဲ့ အစိုးရဝန်ထမ်း အများအပြားနဲ့ ခင်မင်သိရှိခွင့် ရခဲ့ပါတယ်။ တချို့က နယ်စပ်ကို ထွက်သွားကြတယ်။ တချို့က မိမိတတ်ကျွမ်းရာနဲ့ တော်လှန်ရေးတာဝန်တွေ အသီးသီး ထမ်းဆောင်နေကြပါတယ်။ တချို့ကတော့ CDM ဂုဏ်ပုဒ်ကို အထိအပါးမခံဘဲ ကိုယ့်ဝမ်းစာရေးကို ကိုယ့်ဘာသာရှာဖွေရင်း ဘဝကို ဖြတ်သန်းနေကြတာပါ။ မရေမတွက်နိုင်တဲ့ အထဲမှာမှ CDM ကျောင်းဆရာမတဦးနဲ့ အတော်ရင်းနှီးတဲ့ ခင်မင်မှု ရခဲ့ပါတယ်။ သူမက ကျနော့်အမေအရွယ်ပါ။ အသက် ၅၀ ကျော်ဝန်းကျင် ရှိပါမယ်။ သူမက CDM လုပ်ရင်း ကျနော်တို့ရှိတဲ့ နေရာလေးကို ရောက်ရှိလာပါတယ်။ သူမက အာဝဇ္ဇန်းရွှင်တယ်။ အားမနာတမ်း ပြောတတ်တယ်။ ကူညီလိုစိတ်ရှိတယ်။ ပေးကမ်းမှုကို ရက်ရောတယ်။ သူမမှာ CDM ဂုဏ်ပုဒ်ကလွဲပြီး အခြားပိုင်ဆိုင်မှု မရှိပါဘူး။ သူမက စားဝတ်နေရေးအတွက် ကုန်စုံဆိုင်လေး ဖွင့်ထားပါတယ်။ ဆိုင်အမည်တော့ မရှိပါဘူး။ ကျနော်ပေးထားတဲ့ ဆိုင်အမည်လေးက အသံစုံထွက်တဲ့ ဦးညွှတ်ဆိုင်။ အသံစုံထွက်တဲ့ ဦးညွှတ်ဆိုင်လို့ ပေးမိတာက ဆိုင်ထဲဝင်မယ်ဆို ခေါင်းငုံ့ဝင်မှ ဖြစ်လိမ့်မယ်။ အတော်ကို ဦးညွှတ်ပြီး ဝင်မှရမှာပါ။ ခေါင်းမငုံ့မိရင် နဖူးနဲ့ ထုပ်တန်း တိုက်မိသံက မိုးဟိန်းသံလို ဒိန်းခနဲမြည်သံ ထွက်လာပါလိမ့်မယ်။ အကာကတော့ သွယ်မိုး၊ သွပ်ကာပါပဲ။ နေဝင်ပြီဆို နေညိုရင် တေးဆိုကြဖို့ တာဝန်ချိန်မှ အနားယူလာကြတဲ့ ရဲဘော်တွေနဲ့ စည်ကားနေတတ်တယ်။ ရဲဘော်တွေက သူမဆီက အကြွေးဝယ်ပြီး အားပေးနေကြတာပါ။ မှောင်လာရင် လူစုံပြီဆိုတာနဲ့ သူမရဲ့ အသံကျယ်ကျယ်နဲ့ အကြွေးတောင်းသံ၊ ကျယ်လောင်တဲ့ ရယ်မောသံ၊ တဗျစ်ဗျစ်နဲ့ ထွေးတတ်တဲ့ သူမရဲ့ ကွမ်းတံတွေး ထွေးသံတွေနဲ့ သံစုံတီးဝိုင်းကြီးလို အမြဲအသံထွက်နေပါတယ်။ ဒါကြောင့် ကျနော်က ‘အသံစုံထွက်တဲ့ ဦးညွှတ်ဆိုင်’ လို့ အမည်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ သူမနဲ့ ကျနော် စခင်တာက ၃ နှစ်ကျော်ပါပြီ။ ရယ်ရင်း မောရင်း ဟာသနှောရင်း ခင်ခဲ့ကြတာပါ။ သူမက ကျနော်နဲ့ စခင်တုန်းက ကျနော်ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးနောက်ခံ ဟာသတွေအကြောင်း ပြောရင်း ခင်ခဲ့ရတာပါ။ စာရေးဆရာ အကြည်တော် ပြောသလို ပြောရရင် တချိန်က နာကျင်စရာတွေက နောင်အချိန်မှာ ဟာသဖြစ်လာတာပါပဲ။ ဟာသတွေပြောရင်း သူမ မေးနေကြစကားတခု ရှိတယ်။ တော်လှန်ရေး ဘယ်တော့အောင်မှာလဲ။ အိမ်ဘယ်တော့ ပြန်ရမှာလဲတဲ့။ ကျနော်မှာ တိကျတဲ့အဖြေမရှိပါ။ တော်လှန်ရေးတရပ် ဆင်နွှဲတယ်ဆိုတာ လက်ရှိအနေအထားထက် ပိုကောင်းတဲ့ အခြေအနေတခုကို မျှော်မှန်းရင်း ဆောင်ရွက်ကြရတာ မဟုတ်ပါလား။ တခါတလေ အဆိုးတွေ ဆုံးရှုံးမှုတွေကို ရင်ဆိုင်ကြရတာပါ။ ပိုကောင်းတဲ့ အခင်းအကျင်းတွေ ရှိနေတယ်ဆိုတဲ့ စကားထက် ကျနော် ပိုမပြောဖြစ်ခဲ့ပါ။ တော်လှန်ရေး ရဲဘော်တွေဆို ကွမ်း၊ ဆေးလိပ်အပြင် ရှိတာလေး အမြဲကျွေးချင်နေတဲ့သူပါ။ သူမက ဒီးမော့ဆိုမြို့နယ်ထဲက အထက်တန်းကျောင်းရဲ့ အထက်တန်းကျောင်းဆရာမတဦး အနေနဲ့ CDM ဝင်ခဲ့တယ်။ နွေဦးတော်လှန်ရေးမှာ အတက်ကြွဆုံး ပါဝင်ခဲ့တယ်။ တရက်မှ မနားခဲ့ပါဘူး။ နိုင်ငံရေးဆိုတာ သူမ နားမလည်ခဲ့ပါဘူး။ စိတ်လည်း မဝင်စားခဲ့ပါဘူးလို့ သူမ အမြဲပြောလေ့ရှိတယ်။ မင်းအောင်လှိုင် အာဏာသိမ်းတဲ့နေ့မှာပဲ သူမ စိတ်ကူးတွေ၊ အိပ်မက်တွေ ပြောင်းလဲခဲ့ပါတယ်။ ပင်စင်ယူဖို့ ၁၀ စုနှစ်တခုတောင် မလိုတော့ပါဘူး။ ရဲရဲဝင့်ဝင့်ပဲ CDM ဝင်ခဲ့တယ်။ အခုတော့ တော်လှန်ရေးတပ်တွေရဲ့ စစ်သတင်းတွေ ဝေဝေဆာဆာ တင်နေတတ်ပြီ။ သူမက စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက်၊ နောက်လာနောက်သား နှောင်းလူတို့အတွက် သူမ ပေးနိုင်ခဲ့တဲ့ CDM ဆိုတဲ့ ကိုယ်ကျိုးစွန့်တဲ့ အမွေပါ။

နွေဦးတော်လှန်ရေး လူထုသပိတ်တိုက်ပွဲကနေ လက်နက်ကိုင်တော်လှန်ရေးကို ကူးပြောင်းတဲ့အခါ သူမ တော်လှန်ရေးနယ်မြေကို ရောက်ရှိလာခဲ့တယ်။ ကျနော် အပါအဝင် တော်လှန်ရေးသမား တော်တော်များများနဲ့ ခင်ခင်မင်မင် နေခဲ့တယ်။ ကျောင်းဆရာမတဦး ဆိုတာထက် သူနိုင်နင်းတဲ့ ချွေးနှဲစာထဲကနေ ကျွေးမွေးရင်း အလှူငွေတွေ ပို့ခဲ့တယ်။ ဆိုရှယ်မီဒီယာမှာ ဆယ်လီလို့ ခေါ်တဲ့ ထင်ပေါ်ကျော်ကြားတဲ့ Followers တွေ မရှိခဲ့ပါဘူး။ ပြည်ပ အလှူရှင်တွေဆီကနေ သိမ်းမနိုင်တဲ့ အလှူငွေတွေ မပိုင်ဆိုင်ခဲ့ပါဘူး။ NUG အစိုးရရဲ့ အထောက်အပံ့လည်း သူမ မရခဲ့ပါဘူး။ သပိတ်ကာလက ကြွေးကြော်ခဲ့တဲ့ ‘အိမ်မှာနေပါ ဇိမ်နဲ့ ဇိမ်နဲ့’ ဆိုတဲ့ ကြွေးကြော်သံက သူမအတွက် မဟုတ်ခဲ့ပါဘူး။ တတိယနိုင်ငံထွက်ပြီး ကုန်တိုက်ကြီး သူမ မပိုင်ခဲ့ပါဘူး။ တော်လှန်ရေးနယ်မြေထဲမှာ သူများခြံဝင်းထဲမှာ ကျောတခင်းစာ သွပ်မိုးသွပ်ကာ အသံစုံထွက်တဲ့ ဦးညွှတ်ဆိုင်လေးကို အကြွေးနဲ့ဆောက်ပြီး ဘဝကို ရိုးရှင်းစွာ နေထိုင်သွားခဲ့တယ်။

သူမ ဆိုတာက ဒေါ်အေးမျိုးခိုင် အမည်ရတဲ့ CDM ကျောင်းဆရာမတဦးပါ။ သူမကို အများက ဒေါ်မီးငယ်လို့ ခေါ်ကြတယ်။ သူမဆိုင်က အကြွေးမဝယ်ဘူးတဲ့ ရဲဘော် မရှိသလို သူမ ကူညီခဲ့တာ၊ ရှိတာလေး ထုတ်ကျွေးတာ စားခဲ့ဖူးတဲ့ ရဲဘော်တွေ အများသားပါ။

တညနေမှာ ကျနော့် ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာဘောက်ကနေ တော်လှန်ရေး အောင်တော့မှာလားလို့ မေးပါတယ်။ ကျနော် စာမပြန်မိခဲ့ပါ။ နောက်တရက်အကြာမှာ ကျနော့်ဆီ သတင်းဆိုးတခု ဝင်လာခဲ့တယ်။ ဒေါ်မီးငယ်တယောက် သွေးတိုးဆောင့်တက်ပြီး ဦးနှောက်သွေးကြောပေါက်လို့ ဆုံးသွားပါပြီတဲ့။ ဆေးရုံက အသက်မကယ်ခဲ့လိုက်ပါ။ သူမအလောင်းကို ဆေးရုံကနေ သူမ ၃ နှစ်တာ တော်လှန်ရေးတာဝန်ကို ကျရာအခန်းကဏ္ဍကနေ ထမ်းခဲ့တဲ့ အသံစုံထွက်တဲ့ ဦးညွှတ်ဆိုင်လေးကို ပြန်သယ်လာနေပြီတဲ့။ သူမထိုင်နေကျ ခုံတွေနေရာမှာ ခုတင်တလုံး၊ ခေါင်းရင်းမှာ သူမဓာတ်ပုံနဲ့ ထမင်းတပန်းကန်။ သူမရဲ့ အသက်မရှိတော့တဲ့ ရုပ်ခန္ဓာကြီး ညနေအချိန်လောက်မှာ ရောက်လာပါတယ်။ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းရင်း CDM ဂုဏ်ပုဒ်ကို သေတဲ့အထိ ယူသွားခဲ့တဲ့သူပါ။ တော်လှန်ရေး ဘယ်တော့အောင်မှာလဲ၊ သူမ သိပ်ပြန်ချင်တဲ့ သူမရဲ့ အိမ်ရှိရာကို သူမ ပြန်ခွင့်ရခဲ့ပါတယ်။ သူမ အိမ်ရှိရာ ဒေါငံခါးကို ကျနော်တို့ ပြန်ပို့ခွင့်ရလိုက်ပါတယ်။ အသက်မရှိတော့တဲ့ ရုပ်ခန္ဓာကြီးကို သူမ အမြဲတမ်းတနေတဲ့ သူမအိမ်လေးရှိရာ ဒေါငံခါးကို ပြန်ခွင့်ရပါပြီ။ အမြဲ လဲလျောင်းရမယ့် မြေနေရာ ဒေါငံခါးသင်္ချိုင်းဆီကို သူမရဲ့ ရုပ်ကလာပ် တင်ဆောင်လာတဲ့ နာရေးကားက ဖြည်းညင်းစွာနဲ့ ဒေါငံခါးသုသာန်ကို တအိအိနဲ့ ရောက်ရှိခဲ့ပါတယ်။ ဘဝကို ရိုးရှင်းစွာ ကိုယ်ကျိုးစွန့်ပြီး အဂတိတရားကင်းစွာ ချွေးနှဲစာထဲကနေ ဒေါ်မီးငယ်လို စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် ပေးဆပ်နေတဲ့ CDM တွေ ဘယ်လောက်များ ရှိနေလိမ့်မလဲလို့ ကျနော်အတွေးတွေ ပြန့်လွင့်ရင်း သူမ အနားယူတဲ့ မြေနေရာကနေ ကျောခိုင်းလာခဲ့မိပါတယ်။

အိုက်နီ(ဖြူး)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013