DVB Logo
Home
မြန်မာသတင်း
ရေဘေးသင့် မိုးထိမိုးမိဒေသ ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်
DVB
·
September 22, 2024
ရေဘေးသင့် မိုးထိမိုးမိဒေသ ပြန်လည်ထူထောင်ရေး အကူအညီလိုအပ်
Donate to DVB

ရေကြီး မြေပြိုမှုတွေဖြစ်ခဲ့တဲ့ မိုးထိမိုးမိဒေသမှာ အပျက်အစီးများတဲ့အတွက် ပြန်လည် တည်ထောင်ဖို့ အကူအညီတွေ လိုနေတယ်လို့ မူလကျေးရွာတည်ထောင်ခဲ့သူ ရွှေတူးဖော်ရေးလုပ်ငန်းရှင်တယောက်က  ပြောပါတယ်။ 

စက်တင်ဘာ ၁၀ ရက်နေ့ညက ယာဂီမုန်တိုင်းအရှိန်ကြောင့် တောင်တွေပြိုကျခဲ့ပြီး လဲဖြူချောင်းနဲ့ ဂွေးပင်ချောင်းတလျှောက် တောင်မြေတွေနဲ့အတူ ချောင်းရေတွေ အဆမတန် ဖြတ်သန်းစီးဆင်းခဲ့တဲ့အတွက် ချောင်းတလျှောက်က ကျေးရွာအိမ်ခြေတွေကို ဖုံးလွှမ်းခဲ့ပြီး  ၁၃ ပေ အနက်အောက် နစ်မြှုပ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီလို အပျက်အစီးတွေ များပြားတဲ့အတွက် ကျေးရွာပြန်လည်ထူထောင်ရေးအတွက် တဦးတည်း ဆောင်ရွက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အဲဒီဒေသမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့သူ ဖြစ်သလို သပြေပင်ကျေးရွာကို တည်ထောင်ခဲ့သူ လုပ်ငန်းရှင်က ပြောပါတယ်။

“အရေးကြီးတာက အခုလောလောဆယ်ကတော့ ဒီဘေးဒုက္ခတွေ တွေ့တာပေါ့ဗျာ။ ကျနော်တို့ ဒီဒေသမှာ လက်ရှိအနေထားကတော့ သဘာဝဘေးကျရောက်ပြီးတော့ ဒုက္ခ၊ အိမ်တွေရော၊ စက်ယန္တရားတွေရော အကုန်လုံး၊ ဈေးဆိုင်တွေရော။ လူတွေရော အဆုံးအရှုံးက ကြီးမားပါတယ်။ ရွာကလည်း မြေအောက်ရောက်သွားပြီပေါ့နော်။ ပြန်လည်ထူထောင်ဖို့တောင်မှ နိုင်ငံတော်အဆင့်က ကူညီမှသာ အောင်မြင်မှာဖြစ်ပါတယ်။ ကျနော့်အနေနဲ့ကလည်း အဲဒီလောက် များပြားတာ ကျနော်တော့ မလုပ်နိုင်ဘူးပေါ့၊ တတ်နိုင်သလောက်တော့ လုပ်သွားမှာပေါ့ဗျာ။”

ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်က မိုးထိမိုးမိဒေသရှိ ဘုရားကုန်းတောင်၊ ပန်းတောင်၊ ဘတ်ဖိုးကုန်း၊ ဆူးပုတ်ကုန်း၊ သေနတ်တောင်လို့ ဒေသခံတွေက အမည်ပေးထားတဲ့ တောင်ကြောတွေမှာ ရွှေတူးဖော်ရေးလုပ်ငန်းတွေကို စတင်ခဲ့တာဖြစ်ပါတယ်။

ရွှေလုပ်ကွက်တွေကို ဇုန်အလိုက်ခွဲခြားခဲ့ပြီး ဇုန် ၄ ဇုန်ရှိတဲ့အနက် ဆန်းရွှေပြည်ကုမ္ပဏီက သပြေပင်ကျေးရွာ တည်ရှိရာ ဇုန် A ထဲမှာပါဝင်တဲ့ ဘတ်ဖိုးကုန်းတောင်မှာ တူးဖော်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုလုပ်ကိုင်ရာမှာ ရွှေလုပ်သားတွေအတွက် သပြေပင်ကျေးရွာနေရာမှာ စခန်းချ လုပ်ကိုင်စေခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကမှ ပြည်ထဲရေးမှာ ကျေးရွာအမည်ပေါက် ကျခဲ့တာ ဖြစ်ပါတယ်။

လတ်တလော သပြေပင်ကျေးရွာမှာ အိမ်ခြေ ၄၅၀ လောက်ရှိပြီး တောင်ပြို ရေကြီးမှုကြောင့် ချောင်းကမ်းနံဘေးက သူဌေးသူကြွယ်အများစု ပါဝင်တဲ့  နေအိမ် ၁၄၂ အိမ်က ရေနဲ့အတူ မျောပါတာ၊ မြေကြီးအောက် နစ်မြုပ်သွားတာ ဖြစ်ပါတယ်။

သပြေပင်ကျေးရွာ  ရွာခွဲတာဝန်ခံ  ဦးအောင်ကြည်ဝင်းက “ကျနော်တို့မှာ အခက်အခဲဖြစ်တာက ဘယ်လိုပဲဖြစ်ဖြစ် ပြန်မယ်ဆိုတော့လည်း ပြန်မဖြစ်။ အရင်ကတည်းက မပြန်ဖြစ်လို့ ကျန်ခဲ့တဲ့ မှီခိုလေးတွေကို အရင်တုန်းက ကုမ္ပဏီလုပ်သားတွေနဲ့ နေခဲ့တာကိုး။ အရင်တုန်းကတော့ ကုမ္ပဏီလုပ်သားတွေနဲ့ ဟိုဘက်က ထိုက်စံ၊ ဒီက စန်းရွှေပြည် ဟိုဘက်က ရထလသ ကုမ္ပဏီ ၃ ခုက သူ့အချိန်ပြည့်တော့ပြန်သွားတော့ ကျနော်တို့မှာက သူတို့ ပြန်သွားပေမဲ့ ရွှေတောသားတွေက အိုးစောင့်၊ အိမ်စောင့်နဲ့ ပထမတော့ မူခွဲ၊ မူခွဲကနေ မူလတန်း၊ မူလတန်းကနေ လခွဲ၊ လခွဲကနေ အခုအလယ်တန်း ပတ်ကားပေါ့။ ဆရာမကလည်း ရွာက ၄ ယောက် ငှားထားတယ်။ လုပ်ငန်းရှင်တွေက ဘဝပျက်ကုန်တော့ ပညာရေးမှာလည်း အခက်အခဲရှိတယ်။ ရွာက ကျောင်းကတော့ ရွာကလူတွေ မှီခိုနေတာပေါ့။ ရွာကတော့ ဖြစ်တဲ့နေ့ကတည်းက ဥပုသ်နေ့ ၈ ရက်နေ့က စဖြစ်လိုက်တာ။ ၈ ရက်နေ့ညက စဖြစ်လိုက်တော့ ၉ နာရီလောက်က ရေကျတယ်။ ကျပြီးပြန်ဆင်းသွားမှာပဲဆိုပြီးတော့ ရေက အတိုင်းမရှိ တောင်ပြို ဘာပြိုနဲ့ မျောလာတော့ ခုနပြောသလိုပဲ အကုန်လုံးကတော့ ဘဝတွေပျက်ကုန်တာပေါ့။ ရွှေမျော၊ အိမ်မျော၊ လက်ဝတ်လက်စား။ တချို့ဆို ခါးဝတ်ခါးစားနဲ့ ပြေးလာရတယ်”လို့ ပြောပါတယ်။

လတ်တလော သပြေပင်ကျေးရွာအတွက် ရန်ကုန်၊ မန္တလေး စတဲ့ဒေသတွေက အလှူရှင်တွေ လာရောက် လှူဒါန်းကြတဲ့အတွက် စားစရာသောက်စရာရှိကြပေမဲ့ ရွှေတူးဖော်တဲ့လုပ်ငန်းတွေ ပြန်စဖို့ အခက်အခဲရှိနေကြတာ ဖြစ်ပါတယ်။

တောင်ပေါ်က မြေတွေပြိုလာတဲ့အတွက် မြေပြိုလာရာ ချောင်းအတွင်းမှာပဲ  တပိုင်တနိုင် ရွှေကျင်သူတွေကို ချောင်းရိုးတလျှောက် တွေ့မြင်ကြရပါတယ်။

ပြန်လည်ထူထောင်ရေးအတွက် အသက်မွေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်ဖြစ်မယ်လို့ သပြေပင်ကျေးရွာသားတယောက်က  ပြောပါတယ်။

“အခုလောလောဆယ်တော့ ကျနော်တို့က စားဝတ်နေရေး အဓိကထားပြီးတော့ ဘေးလှူတဲ့တန်းတဲ့လူတွေနဲ့ ဝိုင်းဝန်းကူညီပြီးတော့ အဲဒီကနေတဆင့် ရွာကို ဘယ်လိုပြန်ပြီးတော့ ပုံစံတည်မလဲ။ အဲဒါ တခါပြန်ပြီးတော့ ညှိနှိုင်းပေါ့။ အဲဒါပြီးခါမှ လုပ်ငန်းဘက် တခါပြန်လုပ်ရမှာ။ လောလောဆယ် သူ့အကန့်လေးနဲ့သူ နေဖို့ထိုင်ဖို့ရအောင်ပေါ့။ အခုက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ အကုန်လုံး လုံးထွေးပြီးနေတာကိုး၊ ဒီစားဝတ်နေရေး ပြေလည်သွားပြီ၊ ဘေးကနဲ့ ကူညီထောက်ပံ့တာတွေနဲ့ပြေလည်သွားပြီဆိုရင် သူ့အကန့်လေးနဲ့သူ ချပြီးတော့ မိုးကာတဲလေးတွေပေါ့။ ပြီးတော့မှ လုပ်ငန်းကို တခါလှည့်၊ လှည့်ပြီးကာမှ ကိုယ်ရတဲ့ လုပ်အားခနဲ့ ကိုယ့်အိမ်လေး ပြန်ဆောက်ပေါ့။ ခိုင်ခိုင်မာမာ”

ဆိုင်ကလုန်းမုန်တိုင်း ယာဂီနောက်ဆက်တွဲအခြေအနေတွေကြောင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာတီတိုင်းဒေသကြီးတို့ရှိ မြို့နယ်ပေါင်း ၅၆ မြို့နယ်တို့မှာ အိမ်ခြေပေါင်း သိန်းချီ ပျက်စီးခဲ့သလို သေဆုံးသူလည်း ၃၈၀ ကျော် ရှိတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013