မက္ကဆီကိုတောင်ပိုင်း ချီယာပါ့စ်ပြည်နယ် ကမ်းရိုးတန်းအနီးမှာ ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၄ အဆင့်ရှိတဲ့ ငလျင်ကြီးတခု ဇူလိုင် ၁၇ ရက်က လှုပ်ခတ်သွားတယ်လို့ အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS)က ထုတ်ပြန်ထားပြီး၊ ငလျင်ဗဟိုချက်ဟာ ပွာတိုမာဒီရို ကမ်းလွန် ပင်လယ်ရေအောက် ၁၀ ကီလိုမီတာအနက်မှာလို့ ဆိုပါတယ်။
ဒါဟာ ရေတိမ်ပိုင်းငလျင် ဖြစ်တာမို့ မြေပြင်မှာ တုန်ခါမှုကို ပိုပြီး ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာပါ။
ဒီငလျင်ကြောင့် ဆူနာမီ သတိပေးချက် ထွက်ပေါ်ခဲ့ပြီး မက္ကဆီကို ရေတပ်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရေမွန်ဒို မိုရာလက်စ်က တချို့ကမ်းခြေတွေမှာ ရေမျက်နှာပြင် အမြင့် မီတာဝက် (၁ ပေခွဲလောက်) အထိ မြင့်တက်လာနိုင်တယ်လို့ ပြောပါတယ်။
ပြည်သူတွေကို ကမ်းခြေတွေနဲ့ ဝေးဝေးမှာနေဖို့ သတိပေးထားပေမဲ့ ကြီးကြီးမားမား စိုးရိမ်စရာ အခြေအနေမျိုးတော့ မရှိဘူးလို့ သူက ဆိုပါတယ်။
ငလျင်ဒဏ်ကို မက္ကဆီကိုတောင်ပိုင်း ဝါဟာကာပြည်နယ် အပါအဝင် ဘေးပတ်ဝန်းကျင်နိုင်ငံတွေ ဖြစ်တဲ့ ဂွါတီမာလာနဲ့ အယ်ဆာဗေးဒေါနိုင်ငံတွေမှာပါ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။
ဂွါတီမာလာစီးတီးမှာတော့ အဆောက်အအုံတွေ တုန်ခါသွားတာကြောင့် လူတချို့ အိမ်ထဲကနေ လမ်းမပေါ်ကို အလန့်တကြား ပြေးထွက်လာခဲ့ကြသလို၊ ဘေးကင်းရေး လုပ်ထုံးလုပ်နည်းတွေအရ အစိုးရရုံး ဝန်ထမ်းတွေ ကိုပါ အဆောက်အအုံပြင်ပကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဒါ့အပြင် မက္ကဆီကိုနယ်စပ်နားက ဂွါတီမာလာအနောက်ပိုင်း ကွက်ဇာလ်တီနန်ဂိုမြို့မှာတော့ ငလျင်ဒဏ်ကြောင့် ကားဂိတ်တခုက နံရံပြိုကျသွားခဲ့လို့ ရဲတပ်ဖွဲ့က ပတ်ဝန်းကျင် လမ်းမတွေနဲ့ မော်တော်ယာဉ်တွေကို ဘေးလွတ်ရာ ရွှေ့ဆိုင်းပေးခဲ့ရပါတယ်။
လက်ရှိမှာ ၂ နိုင်ငံလုံးက သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ အရေးပေါ်လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှု ရှိ၊ မရှိ လိုက်လံစစ်ဆေးနေကြပေမဲ့၊ လောလောဆယ်အထိတော့ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးတာမျိုးနဲ့ လူသေဆုံး ဒဏ်ရာရတဲ့ သတင်းမျိုး တရားဝင် အစီရင်ခံထားတာ မရှိသေးပါဘူး။











