DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်တွင် မသန်စွမ်းသူလူငယ်နှင့် ဒေသခံ ၁ ဦးကို စစ်တပ်က သတ်ဖြတ်
DVB
·
September 22, 2024
ဘုတလင်မြို့နယ်တွင် မသန်စွမ်းသူလူငယ်နှင့် ဒေသခံ ၁ ဦးကို စစ်တပ်က သတ်ဖြတ်
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ CDM ကျောင်းဆရာမတယောက်နဲ့ သူ့မောင် မသန်စွမ်းသူ လူငယ်ကို စစ်တပ်က ဖမ်းဆီးပြီး မောင်ဖြစ်သူကို သတ်ဖြတ်ခဲ့သလို နောက်ထပ် ဒေသခံတယောက်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘုတလင်မြို့နယ်၊ ကံသာကျေးရွာမှာနေထိုင်တဲ့ CDM ကျောင်းဆရာမနဲ့အတူ ခြေထောက်မသန်စွမ်းတဲ့ လူငယ်ကို စက်တင်ဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ပြီး လူငယ်ကိုသတ်ပစ်လိုက်ပြီးနောက် အလောင်းကို လမ်းဘေးမှာ စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုနဲ့ နီးစပ်သူတယောက်က “အဲဒီနေ့ မနက်စောပိုင်းက ကံသာရွာမှာနေတဲ့ CDM လုပ်ထားတဲ့ ကျောင်းဆရာမက ခြေထောက်မသန်တဲ့ သူ့မောင်လေးကို မြို့တက်ပြီး ဆေးခန်းသွားပြတာ လမ်းမှာအဖမ်းခံရတာ” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ နှိပ်စက်လို့ သေဆုံးသွားသူဟာ ခြေထောက်မသန်စွမ်းတဲ့ အသက် ၂၀ အရွယ် မောင်ဟန်တင့် ဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာ မိသားစုက သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ကောင်လေးရဲ့အလောင်းကို အဲဒီနေ့ နေ့လယ်ပိုင်းက ဘုတလင်-ကံသာ လမ်းဘေးကနေ တွေ့ရတယ်။ နှိပ်စက်တာများပြီး လက်လွန်သွားပြီး ဆုံးသွားတဲ့ပုံပေါ်တယ်။ တကိုယ်လုံး ညိုမဲလို့။ ဆရာမကိုတော့ ဘယ်ခေါ်သွားလဲ မသိရသေးဘူး။ စုံစမ်းနေတုန်း ရှိပါသေးတယ်” လို့ ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ဘုတလင်မြို့ကနေ ကူတော်ရွာ နယ်မြေခံရဲစခန်းဆီကို  စစ်ကူသွားတဲ့ စစ်ကြောင်းဟာ ကျွဲသေချောင်းကျေးရွာအတွင်း ဝင်ရောက်တပ်စွဲပြီး ဒေသခံတယောက်ကို သတ်ပစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ရွာထဲစစ်ကြောင်းဝင်တာက စက်တင်ဘာ ၂၀ ရက်နေ့က ဝင်တာဗျ။ ရွာမှာ စခန်းချညအိပ်ပြီး ကျနော်တို့ရွာသားကို သတ်ထားခဲ့တာဗျ။ အသတ်ခံရတဲ့ သူအမည်က ကိုမျိုးဦး၊ အသက် ၄၉ နှစ်အရွယ်” လို့ ပြောပါတယ်။

ကူတော်ရွာနယ်မြေခံရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်လို့ စစ်ကူပေးနိုင်ဖို့သွားရင်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ လမ်းမှာတိုက်ပွဲဖြစ်ပွားရာကနေ စခန်းချညအိပ်ခဲ့တာဖြစ်ပါတယ်။

ဘုတလင်မြို့နယ်က ပြည်သူအသံပြန်ကြားရေး တာဝန်ခံ ကိုပတ္တမြားက “စစ်ကြောင်းကတော့ စက်တင်ဘာလ ၂၀ ရက်နေ့ကတည်းက ဆည်ကုန်းရွာနဲ့ ကျွဲ‌သေ‌ချောင်းရွာကြားမှာ ညတပ်စွဲပြီး  သူတို့ ရက်ရက်စက်စက်ကို သတ်သွားတာ။ အလောင်းကတော့ ဒီနေ့စက်တင်ဘာ ၂၁ ရက်နေ့ နေ့လယ်ခင်း စစ်ကြောင်းထွက်သွားတဲ့အချိန်ကို ကျနော်တို့ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှင်းလင်းရေးဝင်မှ ဒီအလောင်းကို တွေ့ခဲ့ရတာပါဗျ။ နောက်ပြီး ရွာဘုန်းကြီးကျောင်းက ဘုရားရွှေဖိုး ၇ သိန်းကျပ်လည်း ခိုးယူသွား‌သေးတယ်။ ဘုန်းကြီးကျောင်းအတွင်းက ဘီရိုတွေကိုလည်း ရစရာမရှိအောင်  မွှေနှောက်ရာဖွေထားခဲ့တယ်” လို့ ပြောပါတယ်။

ကူတော်ရွာနယ်မြေခံရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က စက်တင်ဘာ ၁၈ ရက်နေ့က စတင်ပြီး စက်တင်ဘာ ၂၀ ရက်နေ့အထိ ၃ ရက်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က လေယာဉ်နဲ့ ပစ်ကူပေးသလို မြေပြင်ကပါ စစ်ကူပေးလာတာကြောင့် ကျည်အင်အား၊ လူအင်အင်းမမျှဘဲ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နောက်ဆုတ်ပေးခဲ့ရတယ်လို့လည်းသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013