
ရေကြီးရေလျှံခဲ့တဲ့ ဒေသတွေမှာ မြွေအန္တရာယ်နဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေရဲ့ အန္တရာယ်ကို သတိပြုကြဖို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)က သူ့ရဲ့ လူမှုကွန်ရက်မှာ အကြံပြု တိုက်တွန်းထားပါတယ်။
မြွေအန္တရာယ်မှ ရှောင်ရှားနိုင်ဖို့ ခြုံထူထပ်တဲ့နေရာ၊ အုတ်ပုံအပျက်အစီးတွေနဲ့ တွင်း စတဲ့ နေရာတွေမှာ အဆိပ်ရှိတဲ့ သတ္တဝါတွေ ခိုအောင်းနေနိုင်လို့ သတိထားဖို့၊ မြွေခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းဖို့၊ ရှင်းလင်းတဲ့အချိန်မှာ ရာဘာလက်အိတ်တွေ ဝတ်ဆင်ဖို့၊ မြက်တွေ၊ ရွှံနွံထူတဲ့ နေရာတွေမှာ ဘောင်းဘီရှည်နဲ့ လည်ရှည်ဖိနပ်အမာတွေဝတ်ဆင်ဖို့ အကြုံပြုထား ပါတယ်။
Photo: ICRC
မြွေကိုက်ခံရတဲ့အခါ စိတ်ငြိမ်ငြိမ်ထား၊ လှဲလျောင်းလိုက်ပြီး မြွေဆိပ်မပျံ့စေဖို့အတွက် တတ်နိုင်သလောက် လှုပ်ရှားမှုမပြုဖို့နဲ့ နီးစပ်ရာကိုအကူအညီတောင်းဖို့၊ မြွေကိုက်ခံထားရတဲ့ ခြေထောက်/လက်ကို ပတ်တီး တင်းတင်းစည်းဖို့၊ မလှုပ်ရှားဖို့နဲ့ ဒဏ်ရာကို မထိုးဆွဖို့ (သို့မဟုတ်) မြွေဆိပ်ကို စုပ်ထုတ်တာမျိုးမလုပ်ဖို့၊ မြွေကို လိုက်ဖမ်းဖို့ မကြိုးစားဖို့၊ အနီးစပ်ဆုံး ကျန်မာရေးစောင့်ရှောက်မှုပေးတဲ့ နေရာကို သွားပြီး မြွေဆိပ်ဖြေဆေးနဲ့ ဆေးကုသမှုခံယူဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် မိုးကြီး၊ ရေလျှံ၊ မြေပြိုတာတွေကြောင့် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ မြေကြီးပေါ်သို့ ပေါ်လာကာ မထင်မှတ်တဲ့ နေရာရွေ့သွားနိုင်လို့ မိမိကိုယ်တိုင်နဲ့ ကိုယ့်ရဲ့ မိသားစုတွေ ဒီအန္တရာယ်ကနေ ကာကွယ်ဖို့ အချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။
Photo: ICRC
မိုးကြီးပြီးချိန်နဲ့ ရေလျှံပြီးချိန်တွေမှာ မြေလွှာ စိုစွတ် ပျော့ပျောင်းပြီး မြှုပ်နှံထားတဲ့ ပစ္စည်းတွေ မြေပြင်ပေါ်သို့ ပေါ်ထွက်လာနိုင်လို့ ဂရုတစိုက်သွားလာကြဖို့၊ အကျိုးအပဲ့တွေ၊ အညစ်အကြေးတွေ၊ အစအနတွေ သစ်ကိုင်းတွေ ရှင်းလင်း ဖယ်ရှားရာမှာ တကြိမ်တည်း အများကြီး ဖယ်ရှားတာ မလုပ်ဘဲသတိထားဖို့၊ စုပုံနေတဲ့ ပစ္စည်းတွေကို သေချာစွာ စစ်ဆေးဖို့၊ သေချာမသိတဲ့ ပစ္စည်းတစုံတရာကို တွေရှိတဲ့အခါ ကိုင်တွယ်တာ၊ နေရာရွှေ့ပြောင်းတာမလုပ်ဖို့ ပေါက်ကွဲစေတဲ့ပစ္စည်းတခုခုဖြစ်နိုင်လို့ ရှင်းလင်းနေတာကို ချက်ချင်း ရပ်တန့်လိုက်ပြီး ဝေးရာသို့သွားကာ တခြားသူတွေကိုပါ သတိပေးဖို့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမှာ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ နောက်ဆက်တွဲ အရှိန်ကြောင့် ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ နေရာအနှံ့အပြား မိုးကြီးပြီး ရေကြီးရေလျှံတာ မြေပြိုတာတွေ ဖြစ်ခဲ့လို့ လူတွေ ရာနဲ့ချီသေဆုံး သိန်းနဲ့ချီ ရေဘေးဒုက္ခရောက်ပြီး ထိခိုက်ဆုံးရှုံးမှုတွေလည်း ဖြစ်ပေါ်ခဲ့တာပါ။
အခုလို အကူအညီတွေ လိုအပ်နေချိန်မှာ ရေဘေးသင့် မြန်မာပြည်သူတွေအတွက် နိုင်ငံတကာက အကူညီတွေ ပေးပို့နေသလို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကလည်း သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာချိန်မှာ ကြက်ခြေနီနဲ့ လခြမ်းနီလှုပ်ရှားမှုရဲ့ ပူးပေါင်းဆောင်ရွက်မှုက တဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရေဘေးကြောင့် ထိခိုက်ရသူတွေအတွက် ကူညီတုံ့ပြန်ဆောင်ရွက်မှုတွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဦးဆောင်ပြီး ဆောင်ရွက်နေလို ICRC ကလည်း ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားရတဲ့ နေရာတွေမှာ ကူညီပံ့ပိုးပေးနေတယ်လို့ သိရပါတယ်။
ICRC ကအနေနဲ့ လှုပ်ရှားမှု မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှု မပြတ်လုပ်ဆောင်နေပြီး အထူးသဖြင့် ပဋိပက္ခဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ နေရာတွေမှာ ရေဘေးဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်စဉ်အတွင်း ကြက်ခြေနီ စေတနာလုပ်အားရှင်တွေရဲ့ ဘေးကင်းလုံခြုံမှု သေချာစေဖို့ လုပ်ဆောင်နေတယ်လို့ ပြောတယ်။
ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကြောင့် မိသားစုတွေကွဲကွာရပြီး ပျောက်ဆုံးနေတဲ့ ဆွေမျိုးတွေနဲ့ အဆက်အသွယ် ပြတ်တောက်သွားပါက မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒါမှမဟုတ် ICRC ကို တိုက်ရိုက် အကူအညီတောင်းခံနိုင်တယ်လို့ သိရပါတယ်။
မြသဇင်