
ဘယ်လိုမှ မဟန်တော့လို့ သမ္မတတုမင်းအောင်လှိုင် တထစ်လျှော့ သက်ပြင်းချကာ မြန်မာနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ကို တွေ့ဆုံခွင့် ပြုလိုက်ရတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် အာနိုးဒေဘက်ခ်တို့ ဩဂုတ် ၃ ရက်မနက်ပိုင်းမှာ တွေ့ဆုံခဲ့တယ်လို့ အာဏာသိမ်းအစိုးရတုက ဓာတ်ပုံ ၄ ပုံနဲ့ လိုတိုရှင်း သတင်းထုတ်ပြန်တယ်။ ဓာတ်ပုံ ၂ ပုံက ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံမှု မှတ်တမ်း ဓာတ်ပုံ။ နောက် ၂ ပုံကတော့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကိတ်ခွဲနေပုံနဲ့ မွေးနေ့ကိတ်ပုံ။
ICRC ရဲ့ ထုတ်ပြန်ချက်ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံခွင့်ရခဲ့ကြောင်း ဖော်ပြတာကလွဲလို့ မှတ်တမ်းဓာတ်ပုံတပုံတောင်မပါ။ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေကို ICRC စံနှုန်းတွေနဲ့အညီ တွေ့ဆုံမှုဟာ သက်ဆိုင်တဲ့ လူပုဂ္ဂိုလ်တွေကို မိသားစုတွေနဲ့ သတင်းစကား ဖလှယ်နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ကြောင်း ICRC ရဲ့ ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လက်ရှိ ကျန်းမာရေးအခြေအနေလောက်တော့ သားဖြစ်သူ ကိုထိန်လင်းဆီသို့ သတင်းစကားပါးလို့ရမဲ့ပုံ။
တွေ့ဆုံမှုနဲ့ပတ်သက်တဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို အာဏာသိမ်းအစိုးရတုဆီသို့သာ လျှို့ဝှက်မျှဝေသွားမယ်လို့ ICRC က ထုတ်ပြန်ထားတာကြောင့် သူတို့ဆီကနေ ဒေါ်အောင်ဆန်းစုကြည်အကြောင်း တစုံတရာသိရဖို့ မမျှော်လင့်ထားနဲ့လို့ ကြိုတင်အသိပေးလိုက်တာပါပဲ။
ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တို့ရဲ့ တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း အတည်ပြုနိုင်တာကလွဲလို့ ကျန်းမာရေးအခြေအနေ တစွန်းတစပင် သိခွင့်မရတဲ့ အခြေအနေ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်နေရာမှာ ဖမ်းဆီးထားသလဲ ဆိုတာလည်း မသိရ။
ဒါပေမဲ့ ဓာတ်ပုံထဲမှာ မြင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေးကောင်းနေတဲ့ပုံ။ အရင့်အရင် ကာလတွေတုန်းက မြင်ခဲ့ဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာမှမကွာ။ အနည်းငယ် ပိန်သွားတယ်လို့တောင် မထင်ရ။ ပြီးတော့ ကြည်လင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာ။ စစ်အုပ်စုရဲ့ အလုံပိတ်ထောင်ထဲ ပြင်ပ အဆက်အသွယ် လုံးဝမရှိ၊ ကူဖော်ရင်းချာ မရှိဘဲ တကိုယ်တော် ၅ နှစ်ကျော် ကြာခဲ့ပေမဲ့ လျော့ရဲမှု တစုံတရာပင် မမြင်မိ၊ စမတ်ကျကျ သပ်သပ်ရပ်ရပ်။
နောက်ထပ် ထူးခြားမှုရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟန်ပန်က တရားမဲ့ အာဏာသိမ်း ထောင်သွင်း အကျဉ်းချထားခြင်းကြောင့် မာကျောအမျက်ထွက် ဒေါသမာန်တက်မနေ။ မင်းအောင်လှိုင်ရဲ့ အလုံပိတ်ထောင်ကို နှင်းဆီစံအိမ်မှာ နေခဲ့တာနဲ့မခြား သက်သောင့်သက်သာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ကြောင်း ကတ္တီပါစွပ်ထားတဲ့ သံလက်သီးအဖြစ် သက်သေခံနေလေတော့ ပြည်သူတွေရော တော်လှန်ရေးအင်အားစုတွေပါ အားတက်မိကြတာ အမှန်။
ဒါပေမဲ့ နိုင်ငံရေးထင်ဟပ်မှု တစုံတရာမရှိ၊ ဘက်လိုက်မှုမရှိတဲ့ ICRC လို နိုင်ငံတကာအဖွဲ့အစည်း မျိုးကိုသာ ရွေးချယ်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုခြင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ဖိအားနဲ့ စိုးရိမ်ပူပန်မှုကို လျှော့ချပေးလိုမှု တခုတည်းတော့ မဟုတ်။ ထိခိုက်မှု အနည်းဆုံးနည်းနဲ့ ၃ ကောင်စား ကင်းပေါက်မလား ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ စိတ်ကူးယဉ်ချက်။
အာဆီယံမှာ မင်းအောင်လှိုင် ထိုင်ခုံပြန်ရလာနိုင်ရေးအတွက် ရေလာမြောင်းပေးလုပ်နေတဲ့ ထိုင်းနိုင်ငံခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRCကို တွေ့ဆုံခွင့်ပြုခြင်းက “ဒီကောင်လေး မင်းအောင်လှိုင် မနူးမနပ်အာဏာရှင်ဘဝကနေ လူဝတ်လဲလိုက်ပြီးနောက် သဘောထားပျော့ပျောင်းကာ လိမ္မာယဉ်ကျေးလာပါပြီ” ဆိုတာမျိုး ထိုင်းအစိုးရက နိုင်ငံတကာနဲ့ အာဆီယံကို ထုတ်ရှိုးလို့ကောင်းမဲ့အကွက် ဆင်လိုက်ခြင်းလို့ အတိအကျ အဖြေထုတ်နိုင်တယ်။
ပြီးတော့ အာဆီယံအထူးသံတမန်ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုရေး တောင်းဆိုချက်ကို ငြင်းပယ်လို့လည်း ကောင်းသွားတယ်။ အရေးကြီးတဲ့ နောက်တချက်က အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မပြုဘဲ နိုင်ငံရေးထင်ဟပ်မှုမရှိတဲ့ ICRC နဲ့သာ တွေ့ဆုံခွင့်ပြုခြင်းဟာ မင်းအောင်လှိုင်ရဲ့ မဟာရည်မှန်းချက် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးပလက်ဖောင်းပေါ်ကနေ အပြီးအပြတ် ရှင်းပစ်ရေးမူကို တင်းတင်းရင်းရင်း ဆုပ်ကိုင်ထားဆဲဖြစ်ကြောင်းလည်း ဖော်ပြနေပါတယ်။
မင်းအောင်လှိုင်က တဘက်မှာလည်း မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အတိအလင်း ငြင်းပယ်ထားပြီး ဖြစ်တယ်။ စစ်ဝတ်စစ်စားနဲ့ သေနတ်ခါးကြားထိုးထားတဲ့ ကာလတုန်းက ဘုံသဘောတူညီချက် ၅ ရပ်ကို မဖော်ဆောင်ရုံသာရှိပြီး ပစ်ပစ်ခါခါမပြောခဲ့ပေမဲ့ သမ္မတတုအဖြစ် ခေါင်းပေါင်းစွပ်လိုက်ပြီးနောက် ပြောင်ပြောင်တင်းတင်း ပယ်ချလာတာ တွေ့ရတယ်။
ဇူလိုင် ၃၁ ရက်၊ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ ပြည့် လွှတ်တော်မိန့်ခွန်းထဲမှာ အာဆီယံ ဘုံသဘောတူညီ ချက် ၅ ရပ်ဟာ အာဆီယံနိုင်ငံအားလုံးရဲ့ သဘောတူညီချက်မဟုတ်ဘဲ အာဆီယံဥက္ကဋ္ဌ ဘရူးနိုင်းနိုင်ငံရဲ့ နောက်ဆက်တွဲ ထုတ်ပြန်ချက်သာ ဖြစ်ကြောင်း အတိအလင်းပြောကာ ပယ်ချခဲ့တယ်။
သမ္မတတု ဖြစ်လာပြီးနောက် တရုတ်ထောက်ခံချက်နဲ့ အပေါ်လေမိနေတဲ့ မင်းအောင်လှိုင်ဟာ တရုတ်အားကိုးနဲ့ အာဆီယံထိုင်ခုံ အလွယ်တကူပြန်ရလိမ့်မယ်လို့ မျှော်လင့်ချက်ကြီးခဲ့ပေမဲ့ ဇူလိုင်၂၃ ရက်၊ အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုက မင်းအောင်လှိုင် အာဆီယံထိုင်ခုံနဲ့ အလှမ်းဝေးနေဆဲဖြစ်ကြောင်း နေပြည်တော်သို့ သတင်းစကားပေးပို့ချက်က ဆတ်ဆတ်ခါသွားပုံရတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အစိုးရတု အကောင်အထည်ဖော်မှု ရှိ၊ မရှိ တိုင်းတာမဲ့ စံသတ်မှတ်ချက်တွေ ချမှတ်သွားမှာဖြစ်ပြီး လိုက်နာဖော်ဆောင်မှုမရှိရင် ပျက်ကွက်မှုအဖြစ် သတ်မှတ်သွားမယ်လို့ အာဆီယံအထူးသံရဲ့ ပြောကြားချက်ကလည်း မိုက်ကန်းတဲ့ မင်းအောင်လှိုင်ကို စိတ်လိုက်မာန်ပါ ဖြစ်လာအောင် တွန်းပို့လိုက်သလိုပါပဲ။
အဲဒါနဲ့ပဲ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အလိုမရှိဆိုတဲ့ အတုအယောင်လွှတ်တော်ထဲမှာ သမ္မတတုကလည်း လက်သီးလက်မောင်းတန်း ပယ်ချတာတွေ ဖြစ်လာတယ်။ ဒါပေမဲ့ အာဆီယံမူ ၅ ရပ်ကို ဘာတခုမှ မဖော်ဆောင်ဘဲ အာဆီယံထိုင်ခုံ ပြန်ရမလားဆိုတဲ့ မျှော်လင့်ချက်ကိုလည်း မစွန့်လွှတ်နိုင်သေးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ကို ပေးတွေ့ကာ သဘောထား ပျော့ပျောင်းလာသယောင် ရမလားလို့ မျက်နှာချိုသွေးကြည့်တာလည်း ဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ICRCနဲ့ သာ ပေးတွေ့ပြီး အကျဉ်းသားတယောက် အဖြစ်သာ သဘောထားမှုဟာ အာဆီယံမူ ၅ ရပ်ကို ချိုးဖောက်ခြင်းလို့ ကောက်ယူရပါမယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုထိန်လင်း၊ ရှေ့နေများအဖွဲ့ တွေ့ဆုံခွင့်ရရေး၊ နိုင်ငံတကာသံတမန်တွေနဲ့ လည်းတွေ့ဆုံခွင့်ရရေး၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး ဆက်လက်ဖိအားပေးကြဖို့ လိုမယ်။
ဖိအားတွေသာ မရှိခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တွေ့ဆုံမှုတောင် ဖြစ်မလာနိုင်ဘူးဆိုတာ အလေးအနက်ပြုကြဖို့ လိုပါမယ်။ ဆိုလိုတာက ချို(ဂျို)သွေးဖို့သာသိတဲ့ နွားရိုင်းတကောင် လိမ္မာယဉ်ကျေးလာအောင် ချော့မြှူနေလို့ မရဘူးဆိုတာပါပဲ။










