DVB Logo
Home
Lead Story
ICRC က  ၆ လအတွင်း  မြန်မာဒုက္ခသည် ၁ သိန်းကျော်ကို လူသားစာနာအကူအညီပေးအပ်
မြတ်နိုးအောင်
·
August 26, 2026
Photo: ICRC
Photo: ICRC
Donate to DVB

အခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ပထမနှစ်ဝက် ၆ လတာအတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က မြန်မာနိုင်ငံတဝန်း ပဋိပက္ခနဲ့ အရေးပေါ်အခြေအနေတွေကြောင့် ထိခိုက်ခံစားရသူ လူပေါင်း ၁၂၀,၀၀၀ ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ပါတယ်။

ဒီထောက်ပံ့ကူညီမှုတွေထဲမှာတော့ စီးပွားရေးနဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု၊ ရေ၊ အမိုးအကာနဲ့ အခြေခံအဆောက်အအုံ၊ ကျန်းမာရေးနဲ့ ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ မိသားစုအဆက်အသွယ် ပြန်လည်ရရှိရေး စတာတွေပါဝင်နေတယ်လို့ ICRC ရဲ့ ဩဂုတ် ၂၅ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

စိုက်ပျိုးရေးနဲ့ အစားအစာထုတ်လုပ်မှုကဏ္ဍမှာတော့ လူပေါင်း ၅၃,၀၀၀ နီးပါးကို မျိုးစေ့၊ စိုက်ပျိုးရေးသုံး ပစ္စည်းတွေနဲ့ သဘာဝမြေဩဇာတွေ ပံ့ပိုးပေးခဲ့သလို လူ ပေါင်း ၁၃,၀၀၀ ကျော်ကို စောင်၊ ခြင်ထောင်နဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေ ပံ့ပိုး ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူပေါင်း ၁၂,၀၀၀ နီးပါးကို အရေးပေါ် စားနပ်ရိက္ခာတွေ ပံ့ပိုးပေးခဲ့ပြီး လူပေါင်း ၅,၀၀၀ နီးပါးကို နေ့စဉ် လိုအပ်ချက်တွေအတွက် ကူညီပေးခဲ့သလို အိမ်ထောင်စု ၂၀,၀၀၀ ကျော်ရဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ကာကွယ်ဆေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပံ့ပိုးပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ရေ၊ အမိုးအကာနဲ့ အခြေခံအဆောက်အအုံကဏ္ဍမှာ လူပေါင်း ၆၇,၀၀၀ နီးပါးအတွက် ဘေးကင်းတဲ့ သောက်သုံးရေ ရရှိရေးဆောင်ရွက်ပေးခဲ့သလို လူပေါင်း ၁၁,၀၀၀ နီးပါးအတွက် နေထိုင်ဖို့ အမိုးအကာတွေ ပံ့ပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဆေးရုံ၊ ဆေးပေးခန်းနဲ့ ကိုယ်ကာယပြန်လည်သန်စွမ်းရေး ဌာန ၁၄ လုံး ရဲ့ ရေနဲ့ လျှပ်စစ်ဓာတ်အား ရရှိရေးစနစ်တွေကို ပြုပြင်ပြင်ဆင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာတော့ ကျန်းမာရေးဌာန ၂၀ ကို ဆေးဝါးနဲ့ ဆေးပစ္စည်းတွေ ထောက်ပံ့ခဲ့ပြီး ဝန်ထမ်း ၂၁၅ ယောက်ကို နည်းပညာသင်တန်းတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

အရေးပေါ်ကုသမှုနဲ့ လွှဲပြောင်းခြင်းကဏ္ဍမှာလည်း လူ ၅,၀၀၀ နီးပါးကို အရေးပေါ် ပြုစုစောင့်ရှောက်မှု ပေးခဲ့ပြီး၊ လူနာ ၁၀,၀၀၀ နီးပါးကို ဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့သလို ရပ်ရွာလူထု ၆၀၀ ကျော်ကို ရှေးဦးပြုစုခြင်း သင်တန်းတွေပေးခဲ့တယ်လို့ ICRC ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး မသန်စွမ်းသူ ၂,၇၀၀ နီးပါးကို ပြန်လည်သန်စွမ်းရေး ဝန်ဆောင်မှုပေးခဲ့ပြီး ခြေတု/လက်တုနဲ့ အထောက်အကူပြုကိရိယာ ၁,၃၀၀ နီးပါး ထုတ်လုပ်ပေးခဲ့သလို ဝေးလံခေါင်ဖျားဒေသတွေက မသန်စွမ်း ၄၃၀ ကိုလည်း ရွေ့လျားခြေတု ပြုပြင်ရေးအဖွဲ့တွေနဲ့ ကူညီခဲ့တယ်လို့ ဆိုပါတယ်။

မိသားစုပြန်လည်ဆုံစည်းရေးကဏ္ဍမှာတော့ အကျဉ်းထောင်တွေက လွတ်မြောက်လာသူ ၄,၂၀၀ ကျော်ကို အိမ်တွေဆီ ဘေးကင်းစွာ ပြန်နိုင်ရေး ပံ့ပိုးခဲ့ပြီး အကျဉ်းထောင်တွင်း လူတွေ့တွေ့ဆုံဖို့ မိသားစု ၂,၀၀၀ နီးပါးကို ကူညီခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် မိသားစုဝင် ၈၂ ယောက် ပျောက်ဆုံးနေမှုကို ရှာဖွေကူညီပေးခဲ့ပြီး ကြက်ခြေနီ အကြောင်းကြားစာ ၃,၀၀၀ နီးပါး ဖလှယ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုအန္တရာယ် အသိပညာပေးအနေနဲ့ လူပေါင်း ၂၈,၀၀၀ နီးပါးကို မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်ပစ္စည်းများဆိုင်ရာ ဘေးအန္တရာယ် အသိပညာပေးပွဲ ၇၅၈ ပွဲ ဆောင်ရွက်ပေးခဲ့ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တာဝန်ရှိသူတွေ၊ ရပ်ရွာခေါင်းဆောင် ၃၀၅ ဦး အပါအဝင် လူအများကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL) အသိပညာပေးပွဲတွေကိုလည်း ကျင်းပပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013