DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့နယ်၌ အမျိုးသမီး ၂ ဦး အပါအဝင် လူငယ် ၉ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး
DVB
·
September 18, 2024
မအူပင်မြို့နယ်၌ အမျိုးသမီး ၂ ဦး အပါအဝင် လူငယ် ၉ ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ တံတားကြီးကျေးရွာမှာ စစ်ကောင်စီတပ်က အမျိုးသမီး ၂ ယောက် အပါအဝင် လူငယ် ၉ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေမှာ စစ်သင်တန်း တက်ရောက်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စက်တင်ဘာ ၁၆ ရက် ညပိုင်းက လူငယ် ၉ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဘယ်ကိုဖမ်းသွားတယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

မျက်မြင်တွေ့ရှိတဲ့ မအူပင်မြို့ခံတယောက်က “လွတ်မြောက်နယ်မြေမှာ စစ်သင်တန်းတက် လာတယ်လို့ စွပ်စွဲပြီး စကစတပ်က ဖမ်းတာ။ အဖမ်းခံရတဲ့ လူငယ်တွေက သာမန်အရပ်သားတွေ။ ရန်ကုန်မှာ အလုပ်ပြုတ်ပြီး နေရပ်ပြန်လာတဲ့ လူငယ်တွေကို သတင်းအမှားရပြီး ဖမ်းတာ။ လူငယ် တွေ သူတို့က သေနတ်တွေနဲ့ ပစ်ပြီးဖမ်းတာ။ နာမည်နဲ့ကို မေးပြီး ဖမ်းသွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “အရပ်ကား အရပ်ဝတ်တွေနဲ့ သွားဖမ်းတာ။ သေနတ်တွေနဲ့ ပစ်ဖမ်း တာ။ ထိခိုက်မှုတော့ မရှိဘူးလို့ သိရတယ်။ အဖမ်းခံရတဲ့အထဲ မိန်းကလေး ၂ ယောက် ပါတယ်။ နာမည်တွေတော့ မသိသေးဘူး” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ လူငယ်တွေရဲ့ မိသားစုတွေက လူငယ် အရပ်သားတွေကို ဘယ်မှာဖမ်းထားတယ် ဆိုတာကို စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေမှာ လိုက်လံစုံစမ်းပေမဲ့ စက်တင်ဘာ ၁၈ ရက် အထိ စုံစမ်းလို့မရ ဖြစ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁ ရက်ကလည်း ဧရာဝတီတိုင်း၊ မအူပင်မြို့၊ အမှတ် ၁၂ ရပ်ကွက်က အုပ်ချုပ်ရေးမှူး အရိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒေသခံ အယောက် ၂၀ လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ကို တော်လှန်ချင်တဲ့ လူငယ်အများစုဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထံမှာ စစ်သင်တန်း တက်ရောက်ကာ တော်လှန်ရေးမှာ ပါဝင်နေကြပြီး စစ်ကောင်စီတပ်ကလည်း လူငယ်တွေကို အကြောင်းပြချက်မျိုးစုံနဲ့ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013