DVB Logo
Home
မြန်မာသတင်း
မိုးသည်းထန်မည်ဟု မမျှော်မှန်းခဲ့ကြောင်း စစ်ခေါင်းဆောင်ဝန်ခံ၊ ရဟတ်ယာဉ်ဖြင့်လိုက်ကြည့်စဉ် စိတ်မကောင်းဖြစ်မိဟုဆို 
DVB
·
September 18, 2024
မိုးသည်းထန်မည်ဟု မမျှော်မှန်းခဲ့ကြောင်း စစ်ခေါင်းဆောင်ဝန်ခံ၊ ရဟတ်ယာဉ်ဖြင့်လိုက်ကြည့်စဉ် စိတ်မကောင်းဖြစ်မိဟုဆို 
Donate to DVB

မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံမှာ အခုအတိုင်းအတာအထိ အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ မှန်းဆမှု မရှိခဲ့ဖူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဝန်ခံပြောကြား လိုက်ပါတယ်။

စက်တင်ဘာ  ၁၇ ရက်က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးကို နေပြည်တော်မှာ ကျင်းပရာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက် ဆွေးနွေး ပြောကြားခဲ့တာလို့ ဒီနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဗီယက်နမ်မှာတိုက်ခိုက်ခဲ့တဲ့  အင်အားပြင် တိုင်ဖွန်းမုန်တိုင်း ယာဂီနဲ့ ဘင်္ဂလား ပင်လယ်အော်မှာဖြစ်ခဲ့တဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးသည်းထန်စွာရွာသွန်း ရေကြီး ရေလျှံမြေပြိုမှုတွေဖြစ်ပြီး လူတွေ ရာနဲ့ ချီ သေဆုံး၊ သိန်းနဲ့ချီ ရေဘေးဒုက္ခ ခံစား နေရပြီးချိန်ကျမှ စစ်ခေါင်းဆောင်က အခုလို အစည်းအဝေးခေါ်ယူ ပြောကြား လိုက်တာပါ။

ယာဂီမုန်တိုင်း ဟိုင်နန်ကျွန်းသို့ဖြတ်ကျော်ချိန်မှာ ပြင်းထန်မှုရှိတာကို သတင်းတွေအရသိရှိခဲ့ ကြောင်း၊ အတွေ့အကြုံတွေအရ ဗီယက်နမ်နိုင်ငံတွင် မုန်တိုင်းဝင်ပြီး  ၂ ရက်လောက်အကြာမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မှာ ပုံမှန်မိုး ရွာသွန်းမှုတွေ ဖြစ်ပေါ်လေ့ရှိပေမဲ့ အခုအတိုင်းအတာအထိ ဖြစ်မယ်လို့ မမျှော်မှန်းခဲ့ကြဘူးလို့ စစ်ခေါင်းဆောင်က  ပြောပါတယ်။

စက်တင်ဘာ ၇ ရက်က ယာဂီမုန်တိုင်း ဗီယက်နမ်နိုင်ငံကိုစတင်ဖြတ်ကျော်ခဲ့ပြီးချိန် ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း တခုလည်းဖြစ်ပေါ်ခဲ့ကြောင်း မုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နေပြည်တော်ကောင်စီနယ်မြေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့တို့ရှိ မြို့နယ်တချို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ သတိပေးထုတ်ပြန်မှုတွေ ဆောင်ရွက်ခဲ့ပေမဲ့ အခုအတိုင်းအတာအထိ အချိန်တိုအတွင်း မိုးသည်းထန်စွာရွာသွန်းမယ်လို့ မှန်းဆမှု မရှိခဲ့ကြဘူးလို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ကုန်းတောင်တန်းတွေပေါ်မှ တောင်ကျ ချောင်းရေတွေ အရှိန်အဟုန်နဲ့ စီးဆင်းခဲ့ပြီး ရေစီးဆင်းရာ လမ်းကြောင်းတွေ တလျှောက် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ အတွင်း အခုလို ဆိုးရွားတဲ့ အခြေအနေမဖြစ်ပေါ်ခဲ့ဘူးကြောင်း၊ ညအချိန်မိုးရွာသွန်းမှု များပြားပြီး ရုတ်တရက်တောင်ကျရေတွေ အလုံးအရင်းဖြင့် စီးဆင်းလာခဲ့လို့ အခုလို ထိခိုက် မှုများပြားခဲ့ရတာလို့လည်း ဆိုပါတယ်။

သဘာဝဘေးအန္တရာယ်ဟာ ရှောင်လွှဲလို့မရပေမဲ့ တတ်နိုင်သမျှ ထိခိုက်မှု လျော့နည်းအောင်နဲ့ အမြန်ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ကြောင်း၊ အခုဖြစ်စဉ်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ကာလတလျှောက် ထိခိုက်မှုအကြီးမားဆုံး ဖြစ်နိုင်ကြောင်း၊ သင်ခန်းစာရယူရမှာတွေနဲ့  ပြင်ဆင်ရမှာတွေ များစွာရှိကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ရဟတ်ယာဉ်တွေနဲ့ လှည့်လည်ကြည့်ရှုခဲ့စဉ် ရေကြီးရေလျှံခဲ့တဲ့ ရေစီးဆင်းရာအစ ရှမ်းကုန်းပြင်မြင့်နဲ့ ဆက်စပ်တောင်ကုန်းတောင်တန်းတွေပေါ်က ရေတွေ စီးဆင်း တိုက်စားခဲ့မှုကြောင့် တောင်ပြို၊ မြေပြိုမှုတွေ ဖြစ်ပေါ်နေမှု၊ တောင်ကျချောင်းရေတွေ အရှိန်အဟုန်နဲ့ စီးဆင်းခဲ့မှုကြောင့် ရေတိုက်စားရာလမ်းကြောင်းကြီးတွေဖြစ်ပေါ်မှုနဲ့ ရေပြန်လည် ကျဆင်းသွားပြီးနောက် သဲနုန်းတွေ၊ အပျက်အစီးတွေဖြစ်ပေါ်ကျန်ရှိနေမှု၊ စိုက်ဧက အများအပြားပျက်စီးခဲ့မှုနဲ့ ရေစီးဆင်းရာလမ်းကြောင်းနဲ့ နီးစပ်တဲ့ တချို့သော ကျေးရွာတွေ ရေဖုံးလွှမ်းခဲ့မှုဖြစ်ပေါ်ခဲ့ပြီး ထိခိုက်ပျက်စီးခဲ့ရမှုအခြေအနေတွေကို စိတ်မကောင်းဖြစ်ဖွယ် တွေ့မြင်ခဲ့ကြောင်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါ့အပြင် သစ်ထုတ်လုပ်မှုတွေနဲ့  ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်နဲ့ သံလွင်မြစ်တို့မှာ ရွှေတူးဖော်တာ၊ ကျောက်တူးဖော်တာတို့ကြောင့်ရေကြီး ရေလျှံမှုတွေကို ပိုမိုဖြစ်ပေါ်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

နောက်ဆုံးရရှိထားတဲ့ စာရင်းတွေအရ လတ်တလောဖြစ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုအနေနဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတို့မှာ ၂၂၆ ယောက် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကဆိုပါတယ်။

ဒါ့အပြင်ပျောက်ဆုံးသူ ၇၇ ယောက်၊ ရေစီးနဲ့ မျောပါသူ ၁၂ ယောက်၊  ဒဏ်ရာရသူ ၄၇ ယောက်ရှိပြီး၊ လူနေအိမ် ၁၉၁၅ လုံး လုံးဝပျက်စီး၊ ၂၀၁ လုံးမှာ တစိတ်တပိုင်းပျက်စီး၊ ရေဝင်နစ်မြုပ်သည့် အိမ် ၁၅၈၃၄၃ လုံးရှိကာ ယာယီဒုက္ခသည်စခန်းတွေမှာ  ခိုလှုံနေရတဲ့ ရေဘေးဒုက္ခသည် ၁၆၃၅၇၃ ယောက်နဲ့ ဆွေမျိုးတွေရဲ့ နေအိမ်တွေမှာ သွားရောက်နေထိုင်သူ ၂၃၄၅၃၅ ယောက်ရှိတယ်လို့ သိရပါတယ်။ 

တကယ့်လက်တွေ့မြေပြင်မှာတော့ ရေဘေးကြောင့် သေဆုံးသူအရေအတွက် စစ်ကောင်စီ ရဲ့ စာရင်းထက် ပိုများနိုင်ပြီး DVB ကရရှိထားထဲ့စာရင်းအရတော့ သေဆုံးသူ အနည်းဆုံး အယောက် ၃၀၀ ကျော်ရှိပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကတော့ မြန်မာနိုင်ငံတဝန်း ရေဘေးဒုက္ခခံစားနေရသူပေါင်း  ၆၃၁,၀၀၀ ရှိတယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။ 

စစ်ခေါင်းဆောင်ကတော့ ရေဘေးကြောင့် သေဆုံးခဲ့ရသူတွေနဲ့  ထိခိုက်ဒဏ်ရာရရှိသူတွေ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေကို ထောက်ပံ့ပေးဖို့ လာမယ့် အောက်တိုဘာ ၁ ရက်မှာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာဖြစ်လို့  ကူညီကယ်ဆယ်ရေးစခန်းတွေရှိ ပြည်သူတွေ နေရပ်ပြန်နိုင်ရေး အမြန်လုပ်ဆောင်ဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013