DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ ပျူစောထီးစခန်းနှင့် ပခုက္ကူ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ
DVB
·
September 18, 2024
ကန့်ဘလူ ပျူစောထီးစခန်းနှင့် ပခုက္ကူ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ မလည်ရွာ ပျူစောထီးစခန်းကို စက်တင်ဘာ  ၁၇ ရက်  မနက်ခင်းက စတင်ကာ တော်လှန်ရေးတပ်တွေက စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

မလည်ရွာသား တဦးက “တိုက်ပွဲကတော့ မပြီးသေးဘူး။ နှစ်ဘက် ပစ်ခတ်နေတဲ့အသံတွေ ည‌နေပိုင်းထိ ကြားရတယ်။ ကျနော်တို့ကတော့ တိုက်ပွဲမဖြစ်ခင် ၂ ရက် လောက်ကတည်းက ကြိုရှောင်လာလို့ တိုက်ပွဲထဲက လွတ်လာတာ။ ပိတ်မိသူတွေလည်း တချို့တဝက် ရှိသေးတယ်။ ဖုန်းဆက်သွယ်လို့လည်း မရဘူး။ ညအခြေအနေကတော့ ဘာမှမသိရသေးဘူး”လို့ ပြောပါတယ်။

မလည်ရွာဟာ တိုက်နယ်အဆင့် ရှိတဲ့ ကျေးရွာ တရွာဖြစ်ပြီး မေ ၇ ရက်ကလည်း ပြည်သူကာကွယ်ရေးတပ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းကလည်း အခုလို လေကြောင်းပစ်ကူနဲ့ စစ်ကူပေးခဲ့တယ်လို့လည်း ဒေသတွင်း စစ်ရေး အရင်းအမြစ်က ပြောပါတယ်။

မလည်ရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေပြီး မလည်ရွာက ထောင်ချီတဲ့ ပြည်သူတွေကတော့ နေရပ်စွန့်ခွာထွက်ပြေး နေရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာလည်း ဆင်မရဲကျေးရွာအနီးက စစ်ကောင်စီဂိတ်စခန်းကို စက်တင်ဘာ ၁၆ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်သား တယောက် သေဆုံးကာ သေနတ်တလက် သိမ်းဆည်းရရှိခဲ့​တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၁၆ ကနေ သိရပါတယ်။

ပခုက္ကူခရိုင် တပ်ရင်း ၁၆ ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “အင်အား ၂၀ ဝန်းကျင်ပါတဲ့ စကစ စစ်ကြောင်းက ဆင်မရဲရွာကနေ ထွက်လာပြီး အဲဒီရွာနားလေးက သူတို့ကောင်တွေ ရှိနေတဲ့ဂိတ်မှာ နားတဲ့အချိန်မှာ ကျနော်တို့ရဲဘော်တွေက ဝင်ပစ်ခဲ့တာပါ” လို့ ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က တပ်သားတယောက် သေဆုံးကာ ဒဏ်ရာ ရရှိသွားကြသူတွေလည်းရှိပြီး သေနတ်တလက် သိမ်းဆည်းရရှိခဲ့ ပါတယ်။

တပ်ရင်း ၁၆ တာဝန်ခံတယောက်က “သူတို့ဘက်က စစ်ကူတွေ ထပ်ရောက်လာတော့ ကျနော်တို့ တွေ ပြန်ဆုတ်ခဲ့ကြရတာ၊ ဘာအထိအခိုက်မှတော့ မရှိပါဘူး။ ဒါပေမဲ့ ဆိုင်ကယ် ၂ စီးတော့ ကျန်နေခဲ့တယ်။ ဆုံးရောပေါ့ဗျာ” လို့ ပြောပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၁၆ နဲ့အတူ Yesagyo Revolution Group - YRG အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013