DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်က စစ်ဘေးရှောင်များ ရေဘေးကြောင့် ထွက်ပြေးတိမ်းရှောင်၊ အကူအညီလိုအပ်
DVB
·
September 17, 2024
ကလေးမြို့နယ်က စစ်ဘေးရှောင်များ ရေဘေးကြောင့် ထွက်ပြေးတိမ်းရှောင်၊ အကူအညီလိုအပ်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ရှောင်တဲတွေဆီ ရေဝင်ရောက်လာတာကြောင့် စစ်ဘေးရှောင် ၇၀၀၀ ကျော်ဟာ ရေဘေးပါ ထပ်မံတိမ်းရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲ ဖြစ်ပေါ်ကာ အကူအညီ‌တွေလည်း လိုအပ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်က ဇီးချောင်းရေနဲ့ ‌မြစ်သာမြစ်ရေ တက်ပြီး စစ်ရှောင်တဲတွေဆီ ရေဝင်‌ ရောက်လာတာကြောင့် စစ်ရှောင်တွေဟာ ရေလွတ်တဲ့‌နေရာတွေနဲ့ ကျေးရွာထဲကို ပြန်လည် ပြောင်းရွှေ့ခဲ့ရတာပါ။

စစ်ဘေးရှောင်တွေအနေနဲ့ ကျေးရွာထဲမှာ ပြန်လည်ပြောင်းရွှေ့နေထိုင်ရတာက လုံခြုံမှု မရှိပေမဲ့ နေစရာ နေရာ မရှိတော့လို့ အသက်စွန့်ပြီး ကျေးရွာထဲမှာ ပြန်လည်နေထိုင်နေရတာလို့ ထိုမာရွာက စစ်ဘေးရှောင် တဦးက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်တွေထဲက အများစုဟာ အိမ်‌ခြေ ၁၀၀၀ ကျော်ရှိတဲ့ ထိုမာရွာက ဒေသခံတွေ ဖြစ်ပြီး သာယာဝတီရွာနဲ့ ဇင်းကလင်းရွာက ဒေသခံတွေလည်း ပါဝင်ကာ စစ်‌ဘေးရှောင် စုစု‌ပေါင်း ၇၀၀၀ လောက် ရေဘေးသင့်‌နေကြတာပါ။

သူတို့ဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး နေအိမ် မီးရှို့တာနဲ့ လက်နက်ကြီး ရန်တွေကြောင့် ကျေးရွာမှာ မနေရဲကြလို့ တောထဲတွေက မြစ်အနီးနားတွေမှာ တဲထိုး‌ပြီး နေထိုင်နေကြရာကနေ ရေးဘေးဒဏ်သင့်ခဲ့တာလည်း ဖြစ်ပါတယ်။

လတ်တလောမှာ စစ်ဘေးရှောင်တွေကို ရေနဲ့ လွတ်ကင်းတဲ့ နေရာရွှေ့ပြောင်းပေးထားပြီး ကျန်တဲ့ စားဝတ်နေရေး အ‌ခြေအနေတွေကိုတော့ ကူညီ‌ပေးနိုင်ထားခြင်း မရှိ‌သေးဘူးလို့ ထိုမာရွာက ပကဖ အဖွဲ့ဝင် တဦးက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ စစ်ဘေးရှောင်နေရတာ ၆ လကျော် ကြာမြင့်သွားပြီဖြစ်ပြီး စစ်ကောင်စီက အခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က ထိုမာရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ လူနေအိမ်တွေ မီးရှို့ ဖျက်ဆီးခဲ့ပြီး ရွာထိပ်မှာ တပ်စွဲကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ရွာခံတွေဟာ ကျေးရွာတွင်းမှာ မနေရဲကြတော့တာလို့ ဆိုပါတယ်။

လက်ရှိမှာ ရေဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးမယ့်သူ မရှိတာကြောင့် စားသောက်စရာတွေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ထိုမာရွာသား တဦးက ပြောပါတယ်။

ကလေးမြို့အနီး မြစ်သာမြစ်ကမ်းဘေးက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ဖောင်ကူးရွာနဲ့ မြို့ပေါ် အောင်မေတ္တာရပ်ကွက်က‌ ဒေသခံ စုစုပေါင်း ၁၅၀၀ ဝန်းကျင် ပြောင်းရွှေ့ နေထိုင်နေကြရတာလို့ ဆိုပါတယ်။

ကလေးမြို့ခံ တဦးက “ဖောင်းကူးရွာကတော့ မြစ်သာမြစ်နဲ့ နေရဉ္ဇရာမြစ်အနီးရှိတော့ ရေက ဝင်လာတော့ ဒီနေ့‌ ရွှေ့ကြတယ်။ သူတို့တွေက တချို့ကလည်း နတ်ကြီးကုန်းဘက်နဲ့ တချို့ကလည်း ရေမတက်တဲ့လမ်းမပေါ် နေကြတယ်‌။ အောင်မေတ္တာဘက်ကတော့ နှစ်တိုင်း လျှံနေကျလိုပဲ၊ သူတို့က အနိမ့်ပိုင်းဆိုတော့။ အခု သူတို့ကတော့ မြို့ပေါ် ရေမရောက်တဲ့ဘက်တွေ ရွှေ့နေကြတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ရေဝင်ရောက်လာတာကြောင့် ရွှေ့ပြောင်းနေထိုင်ရသူတွေကို ကူညီကယ်ဆယ်ပေးသူတွေလည်း မရှိကြသေးဘူးလို့ ဆိုပါတယ်။

မြစ်သာမြစ်ရေဟာ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်တာကြောင့် မြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာ နေသူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလကတော့ သတိပေးထားပါတယ်။

လက်ရှိမှာ ယာဂီမုန်တိုင်းရဲ့ အရှိန်ကြောင့် နိုင်ငံတဝန်း ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးရှောင် သိန်းနှင့်ချီရှိနေပြီး ရေဘေးနဲ့ မြေပြိုမှုကြောင့် သေဆုံးသူ ၃၀၀ လောက် ရှိနေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး( UNOCHA)ရဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၁၇ ရက် စားရင်းအရ အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ သန်းနီးပါး ရှိတယ်လို့  သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013