DVB Logo
Home
မြန်မာသတင်း
မော်ကျွန်းတွင် အဓမ္မစစ်သားစုဆောင်းခံရသည့် လူငယ် ၁၀ ဦး ပုသိမ်စစ်တိုင်းရုံးပို့ခံရ
DVB
·
September 16, 2024
မော်ကျွန်းတွင် အဓမ္မစစ်သားစုဆောင်းခံရသည့် လူငယ် ၁၀ ဦး ပုသိမ်စစ်တိုင်းရုံးပို့ခံရ
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်ကနေ အဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ် ၁၀ ယောက် ပုသိမ်စစ်တိုင်းရုံးကို အပို့ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်မှုထမ်း အမှတ်စဉ် ၅ မှာ စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီလက်အောက်ခံ မော်လမြိုင်ကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ သီဟဇော်နဲ့ ဝန်ထမ်းတွေ၊ မြို့နယ်လဝကရုံး ဦးစီးမှူးနဲ့ ဝန်ထမ်းတွေ၊ စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး ဇူလိုင်လ ဒုတိယအပတ်က အဓမ္မစစ်သားစုဆောင်းခဲ့တာဖြစ်ပြီး ပုသိမ်မြို့ စစ်တိုင်းရုံးကို စက်တင်ဘာ ၄ ရက်က ပို့လိုက်တာလို့ သိရပါတယ်။

ဒေသခံတယောက်က “အဓမ္မစစ်သားစုဆောင်းခံရတာပါ။ မြို့နယ်ထွေအုပ်ပေါ့၊ အခု စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆိုသူနဲ့ သူ့လက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ၊ လဝကရုံးကသူတွေ ပေါင်းလုပ်တာ။ မဲနိုက်တာလည်း မဟုတ်ဘူး။ ရွာထဲက လယ်လုပ်နေတဲ့ ကောင်လေးကို မြို့နယ်က ခေါ်လို့ဆိုပြီး လိမ်ခေါ်တာ။ ဟိုရောက်မှ စစ်မှုထမ်းခေါ်တာကို သိရတာတဲ့။ ကောင်လေးက ဘာတခုမှ အိမ်ကယူမသွားရဘူး။ ထွေအုပ်ရုံး ဟိုရောက်တော့ ကိုယ့်ဆန္ဒနဲ့ကိုယ် စစ်မှုထမ်းချင်ပါတယ်လို့ ခံဝန်ကတိထိုးခိုင်းတာ။ ထွေအုပ်နဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ လိမ်ညာ၊ လှည့်ဖျား ကလိမ်ကကျစ်လုပ် ခေါ်တာ” လို့ ပြောပါတယ်။

အဲဒီ စစ်ကောင်စီစီမံအုပ်ချုပ်ရေးအဖွဲ့၊ လဝကရုံးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ပေါင်းပြီး အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ် ၁၀ ယောက်ဟာ ထိတိုလို၊ ညောင်တုန်းစု၊ ပျားဖွတ်လျှော်ချောင်း၊ ကျော်ဇံ၊ အုန်းပင်စု၊ ဝဲဒေါင့် စတဲ့ကျေးရွာက လူငယ်တွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စုဆောင်းခံရတဲ့ ကလေးတွေက ဘာမှမသိကြဘူး။ ကျေးရွာအုပ်ကြီးတွေက မြို့နယ်ကအမိန့်ဆိုပြီး ခေါ်တော့ မိဘတွေက ကြောက်ပြီး ထည့်လိုက်တာ။ ပုသိမ်မြို့ကို ခေါ်သွားတယ်လို့ပဲ မိဘတွေက သိတာ။ ပုသိမ်စစ်တိုင်းရုံးကို အပို့ခံရတာ အားလုံး ၁၀ ယောက်ပါ” လို့ ပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်ကနေ အဓမ္မ စစ်သားစုဆောင်းခံရပြီး ပုသိမ်စစ်တိုင်းရုံးကို အပို့ခံရတဲ့ လူငယ် ၁၀ ယောက်နဲ့ မိသားစုတွေ စက်တင်ဘာ ၄ ရက် ညနေကတည်းက စက်တင်ဘာ ၁၆ ရက်အထိ လုံးဝ အဆက်အသွယ် ပြတ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လကလည်း မော်လမြိုင်ကျွန်းမြို့နယ်(မော်ကျွန်း)က ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက သူတို့နဲ့အဆင်မပြေတဲ့ လူငယ်တွေ၊ နွမ်းပါးပြီး သူတို့ကို ငွေမပေးနိုင်တဲ့ လူငယ်တွေ စုစုပေါင်း ၁၁ ယောက်ကို အတင်းအဓမ္မ စုဆောင်းခေါ်ဆောင်ကာ စစ်မှုထမ်းဖို့ ထည့်ခဲ့သေးတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013