DVB Logo
Home
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
ပြည်ပရောက် အထောက်အထားမဲ့ လူငယ်အချို့ ကျားဖြန့်လုပ်ငန်းခွင်ထဲ ဝင်ရောက်
DVB
·
September 16, 2024
ပြည်ပရောက် အထောက်အထားမဲ့ လူငယ်အချို့ ကျားဖြန့်လုပ်ငန်းခွင်ထဲ ဝင်ရောက်
Donate to DVB

စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ လူငယ်တွေဟာ ပြည်ပမှာ အထောက်အထား မရှိတာ၊ အလုပ်အကိုင် မရှိတာတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်းခွင်တွေထဲ ရောက်လာကြတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ကျားဖြန့်လို့ ခေါ်တဲ့ တရုတ်အွန်လိုင်း ငွေလိမ်စင်တာတွေကို ရွှေကုက္ကိုလ်မြို့သစ်ကနေ ၂၀၂၄ အောက်တိုဘာလမှာ နောက်ဆုံးထား ထွက်ခွာသွားဖို့ နယ်ခြားစောင့်တပ် BGF က မေလအတွင်း သတိပေး ထုတ်ပြန်ထားပေမယ့် ရွှေကုက္ကိုလ်မှာ အခုထိ အွန်လိုင်းငွေလိမ်စင်တာတွေ လည်ပတ် လုပ်ကိုင်နေဆဲပါ။

အထူးသဖြင့် ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာရှိတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဟာ မြဝတီမြို့ထဲ အပါအဝင် ကျောက်ခက်၊ DKBA ထိန်းချုပ်နယ်မြေနဲ့ ရွှေတြိဂံ‌ဒေသ၊ လာအို၊ ကမ္ဘောဒီးယားနယ်စပ်တို့မှာပါ တိုးချဲ့ လုပ်ကိုင်နေကြတာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ဖေဖော်ဝါရီလမှာ အသက်ပြန်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် နယ်စပ်ဒေသတွေကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ လူငယ်တွေဟာ ပြည်ပမှာ အထောက်အထား မရှိတာ၊ အလုပ်အကိုင် မရှိတာတွေကြောင့် ကျားဖြန့်လုပ်ငန်းခွင်တွေထဲ ရောက်လာကြတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ထိုင်း - မြန်မာ လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးနေသူတယောက်က “အတွင်းသတင်းတွေ ကြားသိချက်အရ စစ်တပ်ရဲ့ အဓမ္မ စစ်မှုထမ်းဥပဒေကြောင့် တချို့ ကလေးတွေ၊ အလုပ်လက်မဲ့တွေ ဖြစ်လာတယ်။ ငွေတွေ မရှိတော့ ပန်းရောင်ကတ်တွေ မရှိတော့ အလုပ်လက်မဲ့တွေ ဖြစ်တော့ Scammer အလုပ်တွေ လျှောက်ကြတယ်။ BGFကလည်း ကျောင်းတွေ ဖွင့်ပေးတယ် ကြားသိရတယ်။ အဲ့ကနေ တရုတ်စာနဲ့ ကွန်ပျူတာတွေ သင်ပြီး ပြီးတာနဲ့ Scammer အလုပ်တွေ ရရမယ်ဆိုပြီးတော့ တလကို ဒေါ်လာ ၅၀၀ နဲ့ ၈၀၀ ကြားပေါ့။ လောက်ကိုင်မှာ ဖြစ်ခဲ့တဲ့ အဆက်ဆက်က ရွှေကုက္ကိုလ် နယ်စပ်တလျှောက် ရောက်လာတယ်။ ဗမာ အလုပ်သမားတွေကိုပဲ ကမ္ဘောဒီးယား လာအိုဘက် ခေါ်ခိုင်းတာ တွေ့ရတယ်။ တချို့ ဗမာတွေကတော့ သူတို့ အလုပ်ကို ကောင်းလား ဆိုးလား မသိဘဲ သူတို့ အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်ပဲ ဒါပေမဲ့ တရုတ်တွေက အဓိကက ငါးမျှားတာနဲ့ အစာနဲ့ ငါးကြီးရပြီဆို တရုတ်တွေကပဲ စီမံခန့်ခွဲပြီး ဖမ်းစားတာပေါ့။ ပြည်တွင်းက လူငယ်တွေကို သင်တန်းပေးပြီး ရေရှည် ရပ်တည်ဖို့ လုပ်ဆောင်နေတာကို တွေ့မြင်မိတယ်”လို့ ပြောပါတယ်။

ဩဂုတ်လအတွင်းကလည်း ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ လူကုန်ကူးရောင်းစားခံရတဲ့ အိန္ဒိယနိုင်ငံသား အယောက် ၂၀ ကျော်ကို လွတ်မြောက်အောင် ကူညီ ကယ်ထုတ်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက ဩဂုတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်းကလည်း ရွှေကုက္ကိုလ် ရထိုက်ရုံးနဲ့ လုပ်ငန်းတွေကို အပြီးတိုင် ဖျက်သိမ်းပြီး ဝန်ထမ်းအားလုံး စက်တင်ဘာ ၂၀ ရက်မှာ အပြီးတိုင် ရွှေ့ပြောင်းကြဖို့ ထုတ်ပြန်စာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီစာဟာ အတုဖြစ်ကြောင်း ရထိုက် ကုမ္ပဏီဘက်က DVB ကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံဘက် ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်းမှာ လူကုန်ကူးခံရတဲ့ အင်ဒိုနီးရှား နိုင်ငံသား အယောက် ၁၀၀ ကျော် ရှိခဲ့ပြီး၊ အဲဒီထဲက ၄၄ ယောက်ကတော့ အောင်မြင်စွာ နေရပ်ပြန်နိုင်ခဲ့ပေမယ့် အယောက် ၆၀ ကျော် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေး ကူညီပေးနေသူတွေက သက်ဆိုင်ရာ နိုင်ငံတာဝန်ရှိသူတွေ၊ သံရုံးတွေနဲ့ ချိတ်ဆက်ပြီး လူကုန်ကူးခံရသူတွေကို ကူညီ ကယ်ထုတ်ပေးနေပေမဲ့ တရုတ် ကုမ္ပဏီကြီးတွေဟာ  ပြန်ပေးဆွဲသလို လျော်ကြေးငွေ ဒေါ်လာ ထောင်နဲ့ချီ တောင်းခံတာတွေ ရှိတယ်လို့ ဆိုပါတယ်။

“အခု သီရိလင်္ကာ အယောက် ၂၀ ကို ထုတ်ပေးလိုက်တယ်။ ယူကေ ကာစီနိုကနေ ထွက်လာတယ်။ ဒါပေမဲ့ ကျောက်ခတ်မှာလည်း အများကြီး ရှိနေသေးတယ်။ ဒါပေမဲ့ လက်ရှိ ကျနော်တို့မှာ စာရင်းရှိသလောက် ၄၀၀- ၅၀၀ လောက် ရှိတယ်။ ဒီစာရင်းတွေကို သက်ဆိုင်ရာ သံရုံးတွေနဲ့ ပူးပေါင်းပြီး ကူညီဖို့ ရှိနေပေမယ့် အခက်အခဲ အနေနဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေက လုံးဝ လက်မခံဘူးဆိုတာကို သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက ပြန်ပြောလာတာရှိတယ်။ သူတို့က ပြန်ပေးဆွဲတဲ့ သဘောနဲ့ ငွေကြေးတောင်းဆိုတာတွေ ရှိတယ်။ အရင်ထက် ပိုများလာတယ်။”

ရွှေကုက္ကိုလ်က Online Scamming ကုမ္ပဏီကြီးတွေဟာ လာအိုနဲ့ ကမ္ဘောဒီးယားနယ်စပ်တွေအပြင် မြန်မာပြည်တွင်းက တခြားနေရာတွေကို တဖြည်းဖြည်း အလုံးအရင်းနဲ့ ပြောင်းရွှေ့နေကြပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တဖွဲ့ဖြစ်တဲ့ ISP Myanmar အဖွဲ့ရဲ့ သတင်း အချက်အလက်တွေအရ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေကြောင်း သိရပါတယ်။

အထူးသဖြင့် တာချီလိတ်မြို့ဝန်းကျင်မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ ခုထက်မနည်း၊ မြဝတီမြို့ ဝန်းကျင်မှာ လုပ်ငန်းပေါင်း ၂၅ ခုထက်မနည်း ရှိနေတယ်လို့လည်း ISP Myanmar က ထုတ်ပြန်ထားပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013