DVB Logo
Home
မြန်မာသတင်း
ရပ်ကျေးအဆင့်ထိ လက်နက်တပ်ဆင်မည့် စစ်ကောင်စီ၏အစီအစဉ် နိုင်ငံအတွက် စိုးရိမ်စရာဖြစ်
DVB
·
September 16, 2024
ရပ်ကျေးအဆင့်ထိ လက်နက်တပ်ဆင်မည့် စစ်ကောင်စီ၏အစီအစဉ် နိုင်ငံအတွက် စိုးရိမ်စရာဖြစ်
Donate to DVB

နိုင်ငံအနှံ့ ကျယ်ပြန့်နေတဲ့ စစ်ဘောင်ကို ကျဉ်းအောင်လုပ်ဆောင်နေချိန်မှာ အာဏာသိမ်း စစ်ကောင်စီဘက်က  ရပ်ကျေးအဆင့်ထိ လက်နက်တပ်ဆင်မယ့် ဗဟိုကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းတာဟာ အနာဂတ်မြန်မာနိုင်ငံအတွက် စိုးရိမ်စရာအချက်ဖြစ်တယ်လို့  NCA အပစ်ရပ် ၇ ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

စစ်ကောင်စီဟာ သူတို့တွေ လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ တပ်အင်အား လိုအပ်ချက်ကို တရားဝင်မှုမရှိတဲ့ အသက်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြန်အသက်သွင်းပြီး တပ်အင်အားကို ဖြည့်ဆည်းနေသလို တဖက်မှာလည်း နိုင်ငံတော်လုံခြုံရေးကို အကြောင်းပြကာ ရပ်ကျေးအဆင့်ထိ လက်နက်တပ်ဆင်မယ့် ဗဟိုကြီးကြပ်ရေးအဖွဲ့ကို ပြီးခဲ့တဲ့လပိုင်းက ဖွဲ့စည်းထားပါတယ်။

အဲဒီအဖွဲ့ရဲ့ လုပ်ငန်းတွေဟာ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့် ကြီးကြပ်ကွပ်ကဲမှုအဖွဲ့တွေ အဆင့်ဆင့်ဖွဲ့ပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအဆင့်ထိ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့စည်းကာ အဲဒီအဖွဲ့မှာ ပါဝင်တဲ့သူတိုင်းကို လက်နက်တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။

ဒီလိုဖွဲ့စည်းလိုက်တာဟာ နိုင်ငံအနှံ့မှာ ကျယ်ပြန့်လာတဲ့ စစ်ဘောင်ကို ကျဉ်းအောင်ဆောင်ရွက်နေမှုကို ပိုမိုခက်ခဲသွားစေနိုင်ပြီး နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူးလို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားသလို စစ်တပ်အာဏာသိမ်းကာလမှာလည်း အာဏာသိမ်း စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်နေတဲ့ အပစ်ရပ် ၇ ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့မှာ ပါဝင်တဲ့သူတွေဟာ စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ရမှာ ဖြစ်သလို စစ်တပ်ရဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေးလုပ်ငန်းတွေနဲ့ ပြုန်းတီးသွားတဲ့ စစ်တပ်ရဲ့ အင်အားတွေကို အစားထိုးဖို့ ဖွဲ့စည်းတာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

အခုလိုဖွဲ့စည်းတာဟာ နေရာတိုင်းမှာ စစ်ပွဲရဲ့ ရှုံးနိမ့်မှုတွေကြောင့် ပြုန်းတီးလာတဲ့ တပ်အင်အားကို ဖြည့်ဆည်းလိုက်တာ ဖြစ်သလို တဖက်မှာလည်း စစ်တပ်ကို ထောက်ခံနေတဲ့ ရပ်ကွက်နဲ့ ကျေးရွာအဆင့်မှာရှိနေတဲ့ ပျူစောထီးတွေအတွက် တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ပေးလိုက်တာလည်း ဖြစ်တယ်လို့ ကျောင်းသားလက်ရုံးတပ်တော်   ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောပါတယ်။

လက်ရှိအချိန်မှာလည်း စစ်ကောင်စီဟာ ပြည်သူတွေ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်ပြန်သွင်းပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၄ အထိ ခေါ်ယူပြီးဖြစ်သလို အဲဒီသင်တန်းက ဆင်းလာတဲ့သူတွေကို တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေအတွင်းမှာ တာဝန်ပေးခဲ့သလို သေဆုံးသူအများအပြားလည်း ရှိနေပါတယ်။

၂၀၁၉ သန်းခေါင်စာရင်းအရ မြန်မာတနိုင်ငံလုံးမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့ အမျိုးသား ၆ ဒသမ ၃ သန်းနဲ့ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါး ရှိတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013