DVB Logo
Home
မြန်မာသတင်း
တောင်ငူတွင် ရေဘေးကယ်ဆယ်နေသည့် ပရဟိတအသင်းသား ၁ ဦး သေဆုံး
DVB
·
September 16, 2024
တောင်ငူတွင် ရေဘေးကယ်ဆယ်နေသည့် ပရဟိတအသင်းသား ၁ ဦး သေဆုံး
Donate to DVB

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ကုလားဗလီရပ်ကွက်ဘက်မှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတအသင်းသားတယောက် စက်တင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းမှာ ရေထဲပြုတ်ကျ သေဆုံးခဲ့ကြောင်း အသင်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

တောင်ငူမြို့အခြေပြု ရှင်ပေါလုအသင်းတော် လူမှုကူညီရေးအသင်းက အသက် ၂၆ နှစ်အရွယ် စောနော်ဂျာဟာ မနေ့ စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ရေဘေးသင့်ဒေသခံတွေကို ကားနဲ့ပို့ဆောင်စဉ် တောင်ငူ-သံတောင်ကားလမ်းပေါ်မှာ ရေထဲပြုတ်ကျကာ ရေစီးနောက် မျောပါသွားတာလို့ အသင်းနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“လှေပေါ်ကကျတာ မဟုတ်ပါဘူး။ ကူညီကယ်ဆယ်လာတဲ့သူတွေကို ကားနဲ့တဆင့် ဒီဘက် ရေလွတ်ရာကို သယ်အထုတ်မှာ ဖြစ်တာပါ။ ရေစီးသန်နေတဲ့ နေရာကို ကားနဲ့ဖြတ်တော့ ကားခုန်ပြီး ပြုတ်ကျတာ၊ ကျတဲ့အရှိန် ခြေလွတ်လက်လွတ် ဖြစ်တာရယ်၊ ရေစီးသန်တာရယ်ကြောင့် ဆယ်ရတဲ့အချိန်မှာတော့ သေဆုံးနေပြီ။ ဒီနေ့ သင်္ဂြိုဟ်မှာပါ။”

တောင်ငူခရိုင်အတွင်းမှာ ရေကြီးရေလျှံမှုကြောင့် တောင်ငူ၊ အုတ်တွင်း၊ ရေတာရှည်နဲ့ ထန်းတပင်မြို့နယ်တွေက လူပေါင်း ၈၀,၀၀၀ နီးပါးကို ဘေးလွတ်ရာနေရာတွေဆီ အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နယ်ရဲ့ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၇၅၀ စင်တီမီတာမှာ ရှိနေကြောင်း မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက် ၆ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတဝန်း ရေကြီးရေလျှံမှုတွေကြောင့် လူပေါင်း ၃၂၀,၀၀၀ ကျော် အရေးပေါ် ပြောင်းရွှေ့ခဲ့ရပြီး သေဆုံးသူ ၁၁၃ ယောက်အထိရှိလာကြောင်း စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013