DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်း ပြည်သူများ ဗုံးခိုကျင်း တူးထားကြရန် ပကဖ တိုက်တွန်း  
DVB
·
September 16, 2024
သပိတ်ကျင်း ပြည်သူများ ဗုံးခိုကျင်း တူးထားကြရန် ပကဖ တိုက်တွန်း  
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နေ ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကြိုတင်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းတွေ တူးထားကြဖို့ သပိတ်ကျင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စက်တင်ဘာ ၁၅ ရက်နေ့မှာ သတိပေး ထုတ်ပြန်ပါတယ်။

သတိပေးချက်တွေ ပါ၀င်တဲ့ လက်ကမ်းစာစောင်တွေကိုလည်း လိုက်လံဝေငှ အသိပေးထားတာ ဖြစ်ပြီး သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူတွေကို အရေးယူမယ်လို့လည်း သတိပေးထားပါတယ်။

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတယောက်က  “စစ်ကောင်စီတပ်က ပြည်သူတွေနေထိုင်တဲ့ မြို့တွေ၊ ရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာတွေကို အဆက်မပြတ် လုပ်ဆောင်နေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျနော်တို့စိုးမိုးနယ်မြေထဲက ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို အကာအကွယ်ပြုဖို့ NUG -MOD ကနေ ထုတ်ပြန်ထားတဲ့ လေကြောင်းရန်ကာကွယ်ရေးအတွက် ဗုံးခိုကျင်းပြုလုပ်ပုံ အဆင့်ဆင့် ပါ၀င်တဲ့ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေခဲ့ကြတာပါ”လို့ DVB ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဟာ သပိတ်ကျင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေနဲ့ သပိတ်ကျင်းမြို့ကို သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်ဟာ သပိတ်ကျင်းမြို့နယ်အတွင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၇ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့လို့ ဒေသခံပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့​ရတယ်လို့လည်းသိရပါတယ်။

သပိတ်ကျင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေဟာ သပိတ်ကျင်းမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေ ဖြစ်ကြတဲ့ ကွင်း ၃၀ ကျေးရွာတပ်စခန်း၊ ကွင်း ၅၀၀ ကျေးရွာတပ်စခန်း၊ လက်ပံပြန့်ကျေးရွာတပ်စခန်း၊ ဖိုကုန်းကျေးရွာတပ်စခန်း၊ ဝက်သေကျေးရွာတပ်စခန်းနဲ့ ဖက်ရှည်ကျေးရွာတပ်စခန်းတွေအပြင် စစ်ကောင်စီတပ်စခန်း အများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားပြီး သြဂုတ်လ ၂၅ ရက်မှာ သပိတ်ကျင်းမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ ပါတယ်။

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာ၀န်ခံက “တဆက်တည်း ကျနော်တို့ စိုးမိုးနယ်မြေထဲမှာ ဘိန်းတို့၊ ဆေးခြောက်တို့၊ WY တို့လို စိတ်ကိုပြောင်းလဲစေနိုင်တဲ့ မူးယစ်ဆေး၀ါးတွေ ရောင်းချသုံးစွဲနေတာတွေကို မပြုလုပ်ကြဖို့ အရင်ကလည်း ထုတ်ပြန်ထားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားတော့မှာ” လို့ ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲတာ၊ လက်ဝယ်ထားရှိတာ၊ ရောင်းချတာတွေ တွေ့ရှိရင်လည်း ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ ပကဖ၊ ပလဖ နဲ့ ပအဖ စတဲ့ အဖွဲ့အစည်းတွေဆီကို အချက်အလက်တွေနဲ့တကွ တိုင်ကြားကြဖို့ ဖိတ်ခေါ်ထားတယ်လို့လည်း ဆိုပါတယ်။

အဆိုပါဆောင်ရွက်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးရုံးအဖွဲ့နဲ့ သပိတ်ကျင်း တိုက်နယ် ပြည်သူ့ကာကွယ်ရေးရုံးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013