
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ တိုက်ပွဲတွေ နီးကပ်လာတာကြောင့် ဒေသခံတွေ အသက်အန္တရာယ် စိုးရိမ်ပြီး ဗုံးခိုကျင်းတွေ တူးကြပေမဲ့ စစ်အာဏာရှင်တပ်တွေကတော့ ဖျက်သိမ်းခိုင်းနေတာကြောင့် အခက်တွေ့နေကြရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် စစ်တွေမြို့မဈေးကြီးမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ဒေသခံအများအပြား ထိခိုက်သေဆုံးမှု ရှိခဲ့သလို စစ်တွေမြို့ ဆေးရုံကြီးမှာလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ဆေးဝါးသိုလှောင်ရုံ မီးလောင်ပျက်စီးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တာပါ။
အလားတူ အောက်တိုဘာ ၂၃ ရက်ကလည်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် စစ်တွေမြို့ ရွှေငါးခွဆုံအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူ ၆ ယောက်ထက်မနည်း သေဆုံးကာ ၁၀ ယောက်ဝန်းကျင် ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အပြင် ဆိုင်ခန်းနဲ့ နေအိမ် တချို့ပါ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ခုလို အခြေအနေတွေကြောင့် ဒေသခံတွေဟာ အသက်အန္တရာယ် လုံခြုံရေးအတွက် စိုးရိမ်လာကြပြီး နေအိမ်တွေမှာ သဲအိတ်တွေ၊ ကျောက်အိတ်တွေနဲ့ ဗုံးခိုကျင်း တူးချင်ကြပေမဲ့ စစ်အာဏာရှင်တပ်က ခွင့်မပြုဘူးလို့ သိရပါတယ်။
တဖက်မှာလည်း စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ မကြာခဏဆိုသလို ဧည့်စာရင်းဝင်စစ်ဆေးပြီး နေအိမ်တွေကို ဝင်ရောက်ရှာဖွေကာ ဗုံးခိုကျင်းတွေကို ဖျက်ခိုင်းတယ်လို့ စစ်တွေဒေသခံ တယောက်က ပြောပါတယ်။
စစ်တွေဒေသခံတယောက်က “အရင်ကတော့အိမ်မှာ သဲအိတ်တွေနဲ့ ကာပြီး ဗုံးခိုကျင်းတူးခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ စစ်တပ်နဲ့ အပေါင်းအပါတွေက မကြာခဏ ဧည့်စာရင်းဝင်စစ်တာတွေရှိတော့ အဲဒီမှာတွေ့ပြီး ချက်ချင်းဖျက်ခိုင်းတာပါ။ ဧည့်စာရင်းဝင်စစ်ရင် လက်နက်အပြည့်အစုံနဲ့ အိမ်တွေကို သေချာဝင်စစ်တော့လေ သူတို့ဖျက်ခိုင်းရင် ဖျက်ရတာပဲပေါ့နော်၊ ပြောပိုင်ခွင့်မှမရှိတာ၊ ပြီးရင် သူတို့က နောက်တခါလာစစ်လို့ တွေ့ရင်တော့ မလွယ်တော့ဘူး ဆိုပြီး ပြောခဲ့တာလေ၊ ဒါကြောင့် စိုးရိမ်ပြီးတော့ အဲ့ကတည်းကနေ ခုချိန်ထိ ဗုံးခိုကျင်းကထပ်မတူးတော့ပါဘူး။ အရေးအကြောင်း ကြုံလာရင်တော့ ကိုယ့်ဘာသာကိုယ် လုံခြုံမယ်ထင်တဲ့ နေရာတွေကို ရှောင်ရမှာပေါ့နော်။ ရန်ကုန်ကို တိမ်းရှောင်ဖို့ကလည်း ပိုက်ဆံ မရှိဘူးလေ။ ပြီးရင် ဒီမှာက နေ့ခင်းမှာတောင် လူမနေတဲ့ အိမ်တွေဆို ဖြိုဖျက်ရောင်းချနေကြတာ အများကြီးပါပဲ။ ခိုးတဲ့သူတွေလည်း အရင်ကထက် များလာကြတယ်၊ အကုန်လုံးက ငတ်နေကြတာကိုး”လို့ ပြောပါတယ်။
ခုလို တိုက်ပွဲပြင်းထန်နေချိန်မှာ ဗုံးခိုကျင်းတွေကို ဖျက်ဆီးခိုင်းတာဟာ စစ်အာဏာရှင်တပ်က မြို့ထဲမှာကျန်နေတဲ့ ဒေသခံတွေကို လူသားဒိုင်းကာ ဓားစာခံလုပ်တာဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
“စစ်တွေမြို့တဝိုက် ဆက်စပ်တဲ့နေရာအားလုံးမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေတာရှိပါတယ်။ အကြမ်းဖက်မြန်မာဖက်ဆစ် စစ်တပ်ကလည်း ဒီစစ်တွေမြို့ထဲမှာ ပိတ်လှောင်ထားတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို လူသားဒိုင်းကာ ဓားစာခံလုပ်ပြီးတော့ အယုတ်မာဆုံးနည်းလမ်းတွေနဲ့ ခုခံတိုက်ခိုက်နေတာရှိပါတယ်။ အရပ်သားပြည်သူတွေ အသက် လုံခြုံရေးအတွက် ပုန်းခိုဖို့ တူးထားတဲ့ ဒီဗုံးခိုကျင်းတွေကိုလည်းပဲ အကြမ်းဖက်မြန်မာစစ်တပ်က လိုက်လံဖျက်ဆီးနေတာ ရှိပါတယ်။ ဒါဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဖို့ စနစ်တကျ ကြိုတင်စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါဟာ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ ဒီရာဇဝတ်မှုလည်း ဖြစ်ပါတယ်။”
ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့နဲ့ ဆက်စပ်နေရာတွေအားလုံးမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အောက်တိုဘာ ၂၈ ရက်မှာ ထုတ်ပြန်ပြောထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကစလို့ AA ထိန်းချုပ်ရာ ဒေသတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်အာဏာရှင်တပ်က ၄၉၂၆ စစ်ဆင်ရေးစတင်လိုက်ပြီးနောက် စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာတွေမှာ တိုက်ပွဲပြင်းထန်ခဲ့တာပါ။
လက်ရှိမှာလည်း နှစ်ဖက် တိုက်ပွဲပြင်းထန်နေတာ တလကျော်ကြာမြင့်လာနေပြီး စစ်တွေမြို့ ဒကစ အနီးတဝိုက်အပြင် ရွှေမင်းဂံ၊ ပါဒလိတ်၊ အမြင့်ကျွန်း၊ ကျားမသောက်နဲ့ ရေချမ်းပြင် စတဲ့ နေရာတွေမှာလည်း တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။











