
နိုင်ဂျီးရီးယားတပ်ဖွဲ့တွေဟာ အမေရိကန်နဲ့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နိုင်ငံအရှေ့မြောက် ပိုင်းမှာ လေကြောင်းနဲ့ မြေပြင် ပူးပေါင်းစစ်ဆင်ရေးတွေ လုပ်ခဲ့တာကြောင့် ISIS စစ်သွေးကြွ ၁၇၅ ယောက်ကို သုတ်သင်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၁၉ ရက်မှာ ပြောပါတယ်။
“မေလ ၁၉ ရက်နေ့အထိ ဆန်းစစ်ချက်တွေအရ အိုက်ဆစ် စစ်သွေးကြွ ၁၇၅ ယောက်ကို စစ်မြေပြင် ကနေ အပြတ်ရှင်းလင်းနိုင်ခဲ့ပါတယ်” လို့ နိုင်ဂျီးရီးယား ကာကွယ်ရေးပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဆာမိုင်လာ အူဘာက ကြေညာချက်မှာ ပြောထားပါတယ်။
ကာကွယ်ရေးဆိုင်ရာ ရုပ်သံသတင်းဖြန့်ချိရေးဌာန (DVIDS) က စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ ဗီဒီယိုဖိုင် တခုကို အင်္ဂါနေ့မှာ ထုတ်ပြန်ပါတယ်။
ရိုက်တာသတင်းဌာနအနေနဲ့ ဗီဒီယိုရိုက်ကူးခဲ့တဲ့ နေရာနဲ့ ရက်စွဲကို အတည်မပြုနိုင်သေးပေမဲ့ အမေရိကန်ရဲ့ အာဖရိကစစ်ဌာနချုပ်ကတော့ သူတို့ဟာ နိုင်ဂျီးရီးယားအစိုးရနဲ့ ပူးပေါင်းပြီး မေ ၁၈ ရက်က နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းက အိုက်ဆစ် (ISIS) တွေအပေါ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အမေရိကန် အာဖရိက စစ်ဌာနချုပ်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေအတွင်း အဲဒီဒေသမှာ နှစ်ပေါင်းများစွာ သူပုန်ထနေတဲ့ “အစ္စလာမ္မစ် နိုင်ငံတော် အနောက်အာဖရိကဒေသခွဲ (ISWAP)” အဖွဲ့အသုံးပြုနေတဲ့ စစ်ဆေးရေးဂိတ်တွေ၊ လက်နက်သိုလှောင်ရုံတွေ၊ ထောက်ပံ့ပို့ဆောင်ရေး ဗဟိုဌာနတွေနဲ့ ငွေကြေးကွန်ရက်တွေကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ စစ်တပ်က ပြောကြားပါတယ်။
အရှေ့အလယ်ပိုင်းမှာ အကြီးအကျယ် ရှုံးနိမ့်မှုတွေ ကြုံခဲ့ရပြီးနောက်ပိုင်း အိုက်ဆစ်အဖွဲ့ဟာ အာဖရိကဘက်ကို ခြေဦးလှည့်လာခဲ့တာဖြစ်ပြီး ပဋိပက္ခစောင့်ကြည့်လေ့လာရေးအဖွဲ့ (ACLED) ရဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ်ရဲ့ ပထမဆုံး ၃ လပတ်အတွင်းမှာ အိုက်ဆစ်အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတွေထဲက ၈၆ ရာခိုင်နှုန်းဟာ အာဖရိကမှာ ဖြစ်ပွားခဲ့တာပါ။
မေ ၁၆ ရက်က တိုက်ခိုက်မှုအတွင်းမှာ အစိုးရနှစ်ရပ်စလုံးက အိုက်ဆစ်အဖွဲ့ရဲ့ ကမ္ဘာလုံးဆိုင်ရာ နံပါတ် ၂ ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့ အဘူ-ဘီလ္လာ အယ်လ်-မီနူကီကို သုတ်သင်နိုင်ခဲ့ ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ထပ်မံစီးနင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေမှာ တိုက်ခိုက်မှုတွေနဲ့ ဝါဒဖြန့်ချိရေးတွေကို တာဝန်ခံရတဲ့ ISWAP ခေါင်းဆောင် အာဘဒ် အယ်လ်-ဝါဟတ်၊ အဘူ မူဆာ အယ်လ်-မန်ဂါဝီနဲ့ အယ်လ်-မီနူကီရဲ့ လူယုံဖြစ်ပြီး မီဒီယာပိုင်းဆိုင်ရာ အဆင့်မြင့်တာဝန်ခံ အဘူ အယ်လ်-မုသန်နာ အယ်လ်-မူဟာဂျာ တို့လည်း သေဆုံးသွားခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီစစ်ဆင်ရေးတွေဟာ နိုင်ဂျီးရီးယားနဲ့ ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်းကို ခြိမ်းခြောက်နေတဲ့ စစ်သွေးကြွ တွေကို “လိုက်လံရှာဖွေကာ အမြစ်ပြတ်ချေမှုန်းမဲ့” လက်ရှိလုပ်ဆောင်နေတဲ့ လှုပ်ရှားမှုတွေရဲ့ အစိတ်အပိုင်း တခု ဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောပါတယ်။
Source: Reuters











