
စာသင်ကျောင်းတွင်း အုပ်စုဖွဲ့ အနိုင်ကျင့်တာနဲ့ လူသတ်မှုတွေ မဖြစ်စေဖို့ ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းကိုလာတဲ့အချိန် ဓား ပါ၊ မပါကို နေ့တိုင်းစစ်ဆေးပြီး ကြိုတင်ကာကွယ်နေရတယ်လို့ စစ်အာဏာရှင်လက်အောက်ခံ ပဲခူးတိုင်း၊ လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်က ပြောပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ စစ်အာဏာရှင်ဩဇာခံ ပဲခူးတိုင်းလွှတ်တော်မှာ သာယာဝတီမဲဆန္ဒနယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က လက်ပံတန်းမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က ကျောင်းသူတယောက်ကို ကျောင်းသားတယောက်က ဓားနဲ့ထိုးသတ်ခဲ့တဲ့ဖြစ်စဉ်ကို ဥပမာပေးပြီး ကျောင်းတွင်း အုပ်စုဖွဲ့ အနိုင်ကျင့်တာတွေကို ဘယ်လို ကြိုတင်ကာကွယ်မလဲလို့ မေးမြန်းခဲ့တာပါ။
ဒီမေးခွန်းအပေါ် လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်က “အခြေခံပညာကျောင်းများ၌ ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များကို စနစ်တကျဖွဲ့စည်းထားပြီး နေ့စဉ်တာဝန်ခွဲဝေပေးကာ အသက်အန္တရာယ်ထိခိုက်စေနိုင်သည့် ချွန်ထက်သော လက်နက်ကိရိယာများ ကျောင်းသို့ ယူဆောင်လာခြင်း မရှိစေရေးအတွက် စိစစ်လျက်ရှိပါတယ်” လို့ ဖြေပါတယ်။
ဒါ့အပြင် ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေလိုက်နာရမဲ့ စည်းကမ်းချက်တွေကို ချိတ်ဆွဲထားပြီး ဆရာ၊ ဆရာမတွေက နေ့စဉ်ဆုံးမနေသလို လစဉ် မိဘဆရာအသင်း အစည်းအဝေးတွေမှဦ အသိပေးပြောကြားကြောင်း၊ ဥပဒေပညာရှင်တွေကို ဖိတ်ခေါ်ပြီး ဥပဒေနဲ့ နည်းဥပဒေတွေကို ရှင်းလင်းပြောပြတာ၊ စာရိတ္တနဲ့ပြည်သူ့နီတိဘာသာရပ်ကို သင်ကြားပေးတာ၊ နွေရာသီမှာ ယဉ်ကျေးလိမ္မာသင်တန်းတွေဖွင့်လှစ်သင်ကြားပေးနေတယ်လို့ ဆက်ပြောပါတယ်။
အခုလို ကျောင်းတွင်းပြဿနာတွေ ဖြစ်လာတာဟာ ကျောင်းသားဦးရေနဲ့ ဆရာ၊ ဆရာမ အင်အား မမျှတတာ၊ ဖုန်းအလွန်အကျွံသုံးစွဲတာ၊ မူးယစ်ဆေးဝါးနဲ့ အရက်သေစာသောက်စားတာ၊ အတုယူ မှားတာတို့ကြောင့် ဖြစ်တယ်လို့ ပညာရေးဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။
“ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် အစိုးရကျောင်းတွေမှာ အဖြစ်များပါတယ်။ ကျောင်းသား ၇၀၊ ၈၀ လောက်ကို ဆရာမတယောက်တည်းက ထိန်းကျောင်းနေရတယ်။ ပြီးတော့ ကလေးတွေက ဖုန်းအလွန်အကျွံသုံးပြီး ဖုန်းထဲမှာ စကားများတာကို ကျောင်းမှာ လာဖြေရှင်းကြတယ်။ အတုယူမှားတယ် ဆိုတာကလည်း နိုင်ငံခြားဇာတ်ကားတွေထဲကလို အုပ်စုဖွဲ့ အနိုင်ကျင့်တာတွေကို ပြောတာပါ”
ကျောင်းသားမိဘတယောက်ကလည်း ကျောင်းတွင်းအုပ်စုဖွဲ့ အနိုင်ကျင့်တာနဲ့ ရန်ဖြစ်တာတွေဟာ ကလေးတွေကို ဆုံးမတာမှာ နည်းလမ်းလွဲမှားနေတဲ့ မိဘတချို့ကြောင့်လည်း ဖြစ်တယ်လို့ ပြောပါတယ်။
“ကလေးကို မိဘဆုံးမတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ ပြဿနာတခုခုဖြစ်ရင် ဆရာမကို သွားတိုင်ဖို့ မပြောဘဲ ‘ရန်ဖြစ်ရင် ကိုယ်ကဦးအောင်လုပ်၊ ခံမလာခဲ့နဲ့’ ဆိုပြီး မြှောက်ပေးတာမျိုးတွေ ရှိတယ်။ ကလေးက မိဘစကား နားယောင်ပြီး ရန်ဖြစ်တာနဲ့ ဦးအောင်ယှဉ်ထိုးရင်း သေတဲ့အထိပါ ဖြစ်လာရတာ။”
၂၀၂၆ ခု ပညာသင်နှစ်အတွင်း ဇန်နဝါရီ၊ ဇွန်နဲ့ စက်တင်ဘာလမှာ ရွှေပြည်သာမြို့နယ်၊ အမရပူရမြို့နယ်နဲ့ လက်ပံတန်းမြို့နယ်က ကျောင်းတွေမှာ ဓားထိုးမှုနဲ့ အုပ်စုဖွဲ့ အနိုင်ကျင့်မှုတို့ကြောင့် ၇ တန်းကျောင်းသား ၁ ယောက်၊ ၆ တန်းကျောင်းသား ၁ ယောက်နဲ့ ၁၁ တန်းကျောင်းသူ ၁ ယောက် သေဆုံးခဲ့ရပါတယ်။
၂၀၂၅ ခု ပညာသင်နှစ်ကလည်း အမရပူရမြို့နယ်နဲ့ လှည်းကူးမြို့နယ်တို့မှာ ကျောင်းတွင်း ဓားထိုးမှုနဲ့ အုပ်စုဖွဲ့အနိုင်ကျင့်တာကြောင့် ကျောင်းသား၊ ကျောင်းသူ ၅ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ဖူးပါတယ်။
၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ပညာသင်နှစ်အတွင်း ရန်ကုန်တိုင်း၊ တောင်ဒဂုံ၊ သန်လျင်၊ မြောက်ဥက္ကလာနဲ့ ရွှေပေါက်ကံမြို့က စာသင်ကျောင်းတွေမှာ အုပ်စုဖွဲ့အနိုင်ကျင့်တာနဲ့ ရန်ဖြစ်တာတွေကြောင့် ကျောင်းသား ၂ ယောက် သေဆုံး၊ ၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။










