DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခုတွင် ပြည်သူ ၁၀,၀၀၀ ကျော်  ခိုလှုံ
DVB
·
September 15, 2024
ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်း ၁၂ ခုတွင် ပြည်သူ ၁၀,၀၀၀ ကျော်  ခိုလှုံ
1 / 4
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဒုတိယအကြိမ် တောင်ကျရေနဲ့ သံလွင်မြစ်ရေ တက်လာတာကြောင့် ရပ်ကွက် ၉ ခုလုံး ရေဝင်ရောက်ခဲ့ပြီး လူဦးရေ ၁၀,၀၀၀ ကျော်ဟာ ကယ်ဆယ်ရေးစခန်း ၁၂ ခုမှာ ခိုလှုံနေရတယ်လို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက် ည ၆ နာရီခွဲအချိန် အတိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာအထက် ၉၆၈ စင်တီမီတာကို ရောက်ရှိခဲ့တာကြောင့်  ဘားအံမြို့ ပေါ် ရပ်ကွက် ၉ ခုအတွင်းက မြေနိမ့်ပိုင်းအားလုံး ရေဝင်ရောက်ပြီး  နေအိမ်တချို့ ရေနစ်မြုပ်ခဲ့ပါတယ်။

သံလွင်မြစ်ရေဟာ ညအချိန် လျင်မြန်စွာ ဝင်ရောက်လာတာကြောင့် ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရာမှာ အခက်အခဲတွေရှိခဲ့တယ်လို့  လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ရေက ပြီးခဲ့တဲ့ရေကြီးမှုထက် ပိုခဲ့တယ်။ အနိမ့်ပိုင်းအကုန်ပဲ မြုပ်တာ။ ဟင်္သာကုန်းတို့ ကျန်တယ်။ ပြည်နယ်ရုံးစိုက်တဲ့ အလယ်ကျော့တကျော့ပဲ ကျန်တယ်။ မနေ့က အကုန်မြုပ်တာ ရုပ်ပျက်ဆင်းပျက်ကို ဖြစ်သွားတယ်။ ညဘက် ကယ်ဆယ်ရေးက အခက်အခဲတွေ အများကြီးပဲ။ ကယ်ဆယ်ရေးစခန်းတွေက အရင်ဖွင့်လှစ်ထားတဲ့နေရာအတိုင်းပဲ အကုန်ဖွင့်ထားတယ်။”

သံလွင်မြစ်ရေ မြင့်တက်လာနိုင်တာကြောင့် မြေနိမ့်ပိုင်းက ပြည်သူတွေ ကြိုတင်ပြောင်းရွှေ့နေထိုင်ဖို့ လူမှုကူညီရေးအသင်းတွေက ပြောင်းရွှေ့နေထိုင်ဖို့ သတိပေးပြီး လိုက်လံကူညီ ကယ်ဆယ်ခဲ့ပေမဲ့ ဒေသခံတွေအနေနဲ့ မပြောင်းရွှေ့တာကြောင့် အခက်အခဲတွေနဲ့ ကြုံခဲ့ရပြီး သေဆုံး ပျောက်ဆုံးသူတွေ မရှိဘူးလို့ လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

ရေဘေးသင့်ပြည်သူတွေဟာ အမှတ် ၁ ရပ်ကွက် မိုးလုံလေလုံအားကစားရုံ၊ ကြားတောရ၊ အမှတ် ၂ ရပ်ကွက် အထက ၁ မြကြေးမုံ၊ အားကစားရုံ၊ ကြားတောရ၊ အမှတ် ၃ ရပ်ကွက် ဆိုင်ကလုံး၊ ရွှေယာဉ်မျှော်၊ အမှတ် ၅ ရပ်ကွက် ဆိုင်ကလုံး၊ အ.ထ.က ၃ အားကစားရုံ၊ အ.ထ.က ၃ (ခွဲ)၊ အမှတ် ၆ ရပ်ကွက် အထက ၄၊ အမှတ် ၇ ရပ်ကွက် တိုင်းရင်းဆေးရုံက ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

ဘားအံ-မြိုင်ကလေး(သံလွင်တံတား) ဖားမဲတောင်လမ်း ရေကျော်နေတာကြောင့် ယာဉ်လိုင်းအားလုံး ရပ်နားထားရတယ်လို့ ယာဉ်လိုင်းတာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့ စက်တင်ဘ  ၁၅ ရက် မနက် ၆ နာရီချိန် တိုင်းတာချက်အရ ၉၅၄ စင်တီမီတာကို ရောက်ရှိပြီ သံလွင်မြစ်ရေဟာ အနည်းငယ် (၁ ပေလောက်)ပြန်လည်ကျဆင်းခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေ၊ လှိုင်းဘွဲချောင်း၊ ဇမိမြစ်၊ သောင်းရင်းမြစ် စတဲ့မြစ်တွေဟာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိခဲ့တာကြောင့် ဘားအံ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊  မြဝတီမြို့နယ်တွေမှာ ဒုတိယအကြိမ် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013