
ထိုင်းနိုင်ငံအလယ်ပိုင်း၊ စမွတ်စခွန်းခရိုင်မှာ နာမည်ကြီးတံဆိပ် တုပထားတဲ့ သွေးပေါင်ချိန်တိုင်း စက်ကိရိယာ အလုံး ၁,၁၀၀ ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ OMRON အမှတ်တံဆိပ် သွေးပေါင်ချိန်တိုင်းစက်ကိရိယာ အတုတွေဟာ အွန်လိုင်းပေါ်မှာ ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချနေကြောင်း ကုမ္ပဏီပိုင်ရှင်အစစ်က လာရောက်တိုင်တန်းထားတာကြောင့် လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ဖမ်းဆီးအရေးယူခဲ့တယ်လို့ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးချုပ် နာ့ဿ်ဆဒ် ချဝနားဆိုင်က မတ် ၃၁ ရက် ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
စုံစမ်းချက်အရ စမွတ်စခွန်းမြို့၊ ဘန့်ကောဝ်ရပ်ကွက်ရှိ ဂိုဒေါင်တလုံးကို မတ် ၃၀ က CIB ဗဟိုမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲ၊ OMRON ကုမ္ပဏီ ကိုယ်စားလှယ်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တာမှာ OMRON တံဆိပ်ကို တုပထားတဲ့ သွေးပေါင်ချိန်တိုင်းစက် အလုံးရေ ၁,၁၀၀ ဖမ်းဆီးရမိပြီး တန်ဖိုး ဘတ် ၂ သန်းလောက် ( ၂,၂၄၀,၀၀၀ ) ရှိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၄၁ နှစ်ရွယ် ထိုင်းအမျိုးသမီး နန်းဆောဝ် ထဝီနန်ကို ဖမ်းဆီးအရေးယူထားတယ်၊ သူကလည်း စွဲဆိုချက်တိုင်းကို ငြင်းဆန်ခြင်းမပြုဘဲ ဝန်ခံထားတယ်လို့ ဆိုပါတယ်။
အွန်လိုင်းကနေ ပစ္စည်းမှာယူသူတွေအနေနဲ့ ဈေးနှုန်းချိုသာတာတခုတည်းကိုပဲ မကြည့်သင့်ဘူး၊ ဒီလို အတုအပ ပစ္စည်းတွေဟာ ဥပဒေနဲ့ မညီညွတ်တဲ့အပြင် ပစ္စည်းအရည်အသွေး မမီတာကြောင့် မှားယွင်းတဲ့ သွေးပေါင်ချိန်အဖြေထွက်မယ်၊ အခန့်မသင့်ရင် ဦးနှောက်သွေးကြောပြတ်တာ၊ နှလုံးခုန်ရပ်တာတွေ ဖြစ်ပြီး အသက်ဆုံးရှုံးသည်ထိ ဖြစ်နိုင်တယ်လို့ ရဲမှူးချုပ်က သတိပေး ပြောပါတယ်။
Source: Police TV News/ JoCho News










