DVB Logo
Home
မြန်မာသတင်း
ရေတာရှည်တွင် ရေဘေးရှောင်နေသည့် အဆောက်အဦပေါ် သစ်ပင်လဲကျပြီး ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
DVB
·
September 15, 2024
ရေတာရှည်တွင် ရေဘေးရှောင်နေသည့် အဆောက်အဦပေါ် သစ်ပင်လဲကျပြီး ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ
1 / 2
Donate to DVB

ပဲခူးတိုင်း ရေတာရှည်မြို့နယ် အောင်ချမ်းသာကျေးရွာမှာ စက်တင်ဘာ ၁၃ ရက် ညနေက ရေဘေးရှောင်တွေနေတဲ့ အဆောက်အဦပေါ် သစ်ပင်လဲကျတာကြောင့် တဦး သေဆုံးကာ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ရေတာရှည်မြို့ အောင်ချမ်းသာကျေးရွာ မက်ဒက်ကယ်ဘုန်းကြီးကျောင်းဝင်းမှာ ခိုလှုံနေတဲ့ ရေဘေးသင့်ဒုက္ခသည်တွေ နေထိုင်ရာ အဆောက်အဦပေါ်ကို သစ်ပင်ပိတာကြောင့် အမျိုးသမီးတယောက်သေဆုံး၊ အမျိုးသမီးတယောက်နဲ့ အမျိုးသား ၂ ယောက် ဒဏ်ရာရခဲ့တာလို့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က DVB ကို ပြောပါတယ်။

“မက်ဒက်ကယ်ဘုန်းကြီးကျောင်းထဲက ရေဘေးသင့်တွေနေတဲ့ အဆောက်အဦပေါ် သစ်ပင်ပိတာ၊ အမျိုးသမီးတဦးသေတယ်၊ ၃ ဦးဒဏ်ရာရတယ်။ ရေတာရှည်ဆေးရုံကနေ နေပြည်တော်ကို လွှဲလိုက်တယ်။ သေတဲ့သူရော၊ ဒဏ်ရာရတဲ့သူရော ကွမ်းအုံရွာက။” 

စစ်တောင်းမြစ်ရေဟာ စက်တင်ဘာ ၁၂ ရက် ညကစပြီး မြစ်ဘေးရှိ တာဘောင်ကိုပါ ရေကျော်လာတာကြောင့် မြစ်ကမ်းအနီးရှိ ကျေးရွာတွေမှာ စတင်ကာ ဘေးလွတ်ရာကို ရှောင်တိမ်းကြပေမဲ့ ပိတ်မိသူတွေလည်း ရှိနေတယ်လို့ ဆင်ဂွေကျေးရွာနေသူတယောက်က DVB ကို ပြောပါတယ်။

“ကျနော်တို့ရွာက ၁၂ ရက်ညကတည်းက ပိတ်မိနေတာ။ လိုင်းပေါ်ကနေ အကူအညီတောင်းတော့ လာကယ်တဲ့သူတွေရှိပေမဲ့ တောင်ငူမှာ စစ်တပ်က စက်လှေတွေသိမ်းပြီး တစီးပဲပေးထွက်လို့ အခြားပရဟိတအဖွဲ့ကို အကူအညီတောင်းရတယ်။” 

လတ်တလောမှာ ရေတာရှည်မြို့နယ်ရှိ ကျေးရွာအချို့မှာ ပိတ်မိသူနေသူတွေကို ကယ်ဆယ်ရေး လုပ်နေပြီး ပျောက်ဆုံးသူနေတွေ ရှိနေသေးတာကြောင့် ရေကျချိန်မှသာ သေဆုံးမှုစာရင်းကို အတိအကျထုတ်နိုင်မယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

စစ်ကောင်စီက စက်တင်ဘာ ၁၃ ရက်က မုန်တိုင်းဒဏ်ကြောင့် နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၄ မြို့နယ်မှာ ရေကြီးနေကာ ကယ်ဆယ်ရေးစခန်း ၁၈၇ ခုဖွင့်ကာ ကူညီနေပြီး သေဆုံးသူမှာ ၃၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013