
ရန်ကုန်မြို့မှာ စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြေင့် မြို့နယ် ၄ ခုမှာ သစ်ပင်ကြီးတွေလဲကျပြီး လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဒီကနေ့ မွန်းလွဲ ၂ နာရီကျော်ကစပြီး ကမာရွတ်၊ ရန်ကင်း၊ မရမ်းကုန်း၊ ကြည့်မြင်တိုင် စတဲ့မြို့နယ်တွေမှာ သစ်ပင်တွေလဲကျပြီး ကားလမ်းတွေ ပိတ်ခဲ့လို့ မီးသတ်တပ်ဖွဲ့တွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ ဝိုင်းဝန်းရှင်းလင်းခဲ့ကြရတာ ဖြစ်ပါတယ်။
ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲကျော်က ကမာရွတ်မြို့နယ် အမှတ် ၉ ရပ်ကွက် တက္ကသိုလ်ရိပ်သာလမ်းမှာ ကုက္ကိုပင် လမ်းပေါ်ကျပြီး ယာဉ်တစီးပေါ် ပိမိနေတဲ့အတွက် မီးသတ်နဲ့ လူမှုကူညီရေးအဖွဲ့တွေ ဝိုင်းဝန်းရှင်းလင်းခဲ့ရတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ကမာရွတ်မြို့နယ်မှာ နေထိုင်သူတယောက်က “အိမ်စီးကားတစီးပေါ် ပိမိသွားတာ၊ မိုးက သဲကြီးမဲကြီးရွာနေတော့ မြေပျော့ပြီး ဝိတ်မနိုင်တော့တာ၊ တက္ကသိုလ်ဘက်အခြမ်းပေါ့၊ လဲကျတာက” လို့ DVB ကို ပြောပါတယ်။
ဒါ့အပြင် မွန်းလွဲ ၃ နာရီခွဲဝန်းကျင်ကလည်း ကမာရွတ်မြို့နယ် ၇ ရပ်ကွက် ဗဟိုလမ်းမှာ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့တာကြောင့် ကမာရွတ်မြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက် ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက်မှာလည်း မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာ လမ်းပေါ် ပိတောက်ပင် လဲကျခဲ့တာကြောင့် အချိန်အတော်ကြာ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရန်ကင်းမြို့နယ် အမှတ် ၁၆ ရပ်ကွက် မြောက်မြင်းပြိုင်ကွင်းလမ်းနဲ့ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးအနောက်ရပ်ကွက် ဈေးကြီးလမ်းမှာ သစ်ပင်လဲကျပြီး လမ်းပိတ်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ အငှားယာဉ်မောင်းတယောက်က “ဒီနေ့ကတော့ ထူးထူးဆန်းဆန်းပဲ၊ ၄ မြို့နယ်မှာ ဖြစ်တာ။ ကားလမ်းတွေ ပိတ်ချက်ကတော့ ပြောမနေနဲ့။ ပြည်လမ်းဆို ကန်လမ်းမီးပွိုင့်ကနေ အေဒီမီးပွိုင့်အထိ ၁ နာရီကျော် ၂ နာရီ ပိတ်နေတာ၊ ရွေ့ကိုမရွေ့ဘူး။ ပြီးတော့ အင်းယားကန်ဘောင်နား၊ နောက်ပြီး ဟံသာဝတီအဝိုင်းနား၊ ဟိုဘက် ဗဟိုလမ်းဘက်ဆင်းတဲ့ လမ်းတလျှောက် အကုန်ပိတ်တာ” လို့ DVB ကို ပြောပါတယ်။
လက်ရှိမှာ အဆိုပါ လဲကျနေတဲ့ သစ်ပင်တွေကို မီးသတ်နဲ့ လူမှုကူညီရေးအသင်းတွေ ဝိုင်းဝန်းရှင်းလင်းပေးထားလို့ လမ်းတွေပြန်ပွင့်သွားပြီလို့လည်း မြို့ခံတွေဆီက သိရပါတယ်။
အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေကြီးရေလျှံတာတွေ၊ သက်တမ်းရင့်သစ်ပင်ကြီးတွေ လဲကျတာတွေ ဖြစ်ပေါ်နေပါတယ်။











