DVB Logo
Home
မြန်မာသတင်း
ဟားခါးက ဒုရဲအုပ် ၁ ဦးနှင့် ကမ္မမြို့က ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
DVB
·
September 14, 2024
ဟားခါးက ဒုရဲအုပ် ၁ ဦးနှင့် ကမ္မမြို့က ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ဟားခါးမြို့မှာတာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဒုရဲအုပ်အဆင့်ရှိသူ ၁ ယောက်နဲ့ မကွေးတိုင်း၊ ကမ္မရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်သား ၁ ယောက် တို့ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ စက်တင်ဘာ ၁၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီမှာ အလင်းဝင်ရောက်လာကြတယ်လို့ သိရပါတယ်။

CDF-Hakha ရဲ့ ​ပြန်ကြားရေးတာဝန်ခံတယောက်က “ဟားခါးရဲစခန်းက ဒုရဲအုပ် ၁ ဦးက လက်နက်ခဲယမ်းတွေနဲ့ ကျနော်တို့အဖွဲ့ဆီကို အလင်းဝင်လာတာပါ။ သတ်မှတ်ထားတဲ့ ဆုကြေးငွေတွေ ပေးအပ်ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ထားပေးပြီးပါပြီ” လို့ ​DVB ကို ပြောပါတယ်။

ဟားခါးမြို့ရဲစခန်းက ဒုရဲအုပ်နဲ့အတူ ရိုင်ဖယ်သေနတ် ၁ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ ကျည် ၁၅ တောင့် တို့အပြင် Grenade 40 မမ ၃၀ ကျော်တို့နဲ့အတူ CDF- Hakha ဆီကို အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ ကမ္မမြို့မှာလည်း ရဲတပ်သားတယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ People Defence  Force - Kamma ရဲ့ တာဝန်ခံတယောက်က ပြောပါတယ်။

“ကမ္မရဲစခန်းမှာတာဝန်ကျနေတဲ့ ရဲတပ်သား ၁ ဦးက Uzi သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ၉ မမ ကျည် ၁၃၁ တောင့်၊ G3 ကျည်ဘောက် ၄ ခုနဲ့ G3 ကျည် ၃၇ တောင့်တို့နဲ့အတူ အလင်းဝင်လာခဲ့တာဖြစ်ပါတယ်။ သူ့အတွက်လည်း ဆုကြေးငွေပေးအပ်တာတွေကအစ အားလုံး စီစဉ်ဆောင်ရွက်ပေးထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေကြသေးသူတွေအနေနဲ့လည်း အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့နဲ့ အလင်းဝင်ရောက်လာကြသူတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမယ့်အပြင် အလင်းဝင်လာကြသူတွေရဲ့ လုံခြုံရေးကို အပြည့်အဝတာဝန်ယူပြီး ဂုဏ်ပြု ဆုငွေတွေလည်း ချီးမြှင့်သွားမှာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013