DVB Logo
Home
မြန်မာသတင်း
ခင်ဦးတွင် ဝါသဝဦးဆောင်သည့် ပျူစောထီးများက ကျောင်း၊ ဆေးရုံနှင့် ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်
DVB
·
September 12, 2024
ခင်ဦးတွင် ဝါသဝဦးဆောင်သည့် ပျူစောထီးများက ကျောင်း၊ ဆေးရုံနှင့် ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်
Donate to DVB

ဝါသဝကိုယ်တော် ဦးဆောင်တဲ့ ပျူစောထီးတွေက စစ်ကိုင်းတိုင်း၊ ခင်ဦးနယ်၊ ကျေးရွာ ၁၃ ရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး NUG စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ဩဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၁၁ ရက်အထိ ဝါသဝကိုယ်တော် ဦးဆောင်တဲ့ ပျူစောထီးတွေက ဝင်ရောက်မီးရှို့တာကြောင့် ကန့်ဘလူနဲ့ ခင်ဦးနယ်အစပ်က ငကြိုင်း၊ အင်ကြင်းပင်၊ ပေါက်တော၊ စောကြီး၊ သနပ်စိန်၊ တဲကြီး၊ ဖန်းခါးကုန်း၊ ဆီဆုံ‌လေး၊ နှဲတွင်း၊ မဒေါင်းကြီး-ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ စည်ပုတ္တရာ စတဲ့ကျေးရွာပေါင်း ၁၃ ရွာက အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့တာပါ။ 

ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာတကြိမ်၊ ဩဂုတ် ၃၁ ရက်မှာတကြိမ် မဒေါင်းလှ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီအရာရှိတယောက် အပါအဝင် စစ်သားနဲ့ ပျူစောထီး ၃၀ ကျော် သေဆုံးခဲ့ပြီးနောက်မှာ ကန့်ဘလူနဲ့ ခင်ဦးနယ်အစပ်က ကျေးရွာတွေကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ကူပေးတာ အပြင် မြေပြင်စစ်ကြောင်းပါ ဆက်တိုက်ထိုးခဲ့တာဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခင်ဦးနယ်ခံ အမျိုးသမီးတယောက်က “ဝါသဝလက်အောက်ခံတွေက မီးရှို့ဖျက်ဆီးလိုက်တဲ့ ရွာတွေ ဖြစ်ပါတယ်။ စက်တင်ဘာ ၂ ရက်နေ့က ငကြိုင်း၊ ၃ ရက်နေ့က အင်ကြင်းပင်၊ စောကြီး၊ သဖန်းဆိပ်၊ သနပ်စိန်၊ ဖန်းခါးကုန်း၊ ၄ ရက်နေ့က ပေါက်တော၊ နှဲတွင်း၊ ၅ ရက်နေ့က ဆီဆုံလေး၊ ၇ ရက်နေ့က မဒေါင်းကြီး-ရွှေကာ၊ ပေါင်း ၁၀ ရွာလောက် အရင်ရက်တွေက ရှို့ခဲ့ပါတယ်။ အခု ဆီဆုံလေး ထပ်ရှို့တယ်။ စည်ပုတ္တရာ၊ ဂျပို့ရယ်၊ ဗအိုးရယ်။ အခု ၃ ရွာ ထပ်ရှို့တာ၊ အဲ့ ၁၃ ရွာက ပြည်သူတွေကလည်း ရွာမကပ်ရဘူး ပြေးနေတာနော်။ သူက မဒေါင်းလှရဲ့ ပတ်ခြာလည်က ရွာတွေကို အကုန်ရှို့တာ။ NUG ဆေးရုံတွေ၊ NUG စာသင်ကျောင်းတွေကိုလည်း အဓိကပစ်မှတ်ထားပြီးတော့ သူတို့မီးရှို့တယ်၊ လက်နက်ကြီးတွေနဲ့ ထုတာတွေလုပ်တယ်။ နောက် ဘုန်းကြီးကျောင်းတွေကိုလည်း ပစ်မှတ်ထားပြီး တိုက်ခိုက်တယ်။ ခင်ဦးနယ်က ဆိုးဆိုးရွားရွားပါပဲ၊ ရွာစဉ်လျှောက် တရွာဝင်တရွာထွက် ရှို့နေတဲ့အခါကြတော့ ခင်ဦးမြို့နယ်ကလည်း ရွာကုန်လုနီးပါးဖြစ်ပါပြီ” လို့ ပြောပါတယ်။

၁၀ ရက်အတွင်း စစ်ကောင်စီရဲ့ ထိုးစစ်တွေကြောင့် မီးရှို့ခံရတဲ့ ကျေးရွာ ၁၃ ရွာအပြင် အနီးနားက သရက်ကန်၊ ပြေကုန်း၊ ပင်တင်း စတဲ့ကျေးရွာတွေက ပြည်သူတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စုစုပေါင်း ကျေးရွာ ၂၀ ဝန်းကျင်က ပြည်သူ ၁၀,၀၀၀ ကျော်ဟာ ဦးတည်ရာမဲ့ ထွက်ပြေးနေရပြီး မိုးတွင်းကာလဖြစ်တာကြောင့် စားဝတ်နေရေးနဲ့ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်နေရပါတယ်။

ဝါသဝကိုယ်တော် ဦးဆောင်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘုန်းကြီးကျောင်းတွေကို တိုက်ခိုက်တာဟာ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှာ ပါဝင်တဲ့ ရဟန်းသံဃာတွေကို ခြိမ်းခြောက်ပစ်မှတ်ထား တိုက်ခိုက်တဲ့သဘော သက်ရောက်နေတယ်လို့ စစ်ကိုင်းဒေသခံ ရဟန်းတပါးက မိန့်ပါတယ်။

“စစ်ကိုင်းတိုင်းထဲမှာရှိနေတဲ့ သာသနိက အဆောက်အဦတွေကို သေသေချာချာ ပစ်မှတ်ထားပြီး‌တော့ မင်းတို့လားကွ ပတ္တနိက္ကုဇ္ဇန ကံဆောင်တာဆိုတဲ့ အပေါက်မျိုးနဲ့ လုပ်လာတယ်လို့ ယူဆရတယ်ပေါ့။ သင်္ကန်းပတ်ပြီးတော့ သာသနာဖျက်ရုံတင်မကဘဲနဲ့ ကောင်းမွန်စွာ သာသနာပြုနေကြတဲ့ ရဟန်းကောင်းတွေကိုပါ ထိပါးနှောင့်ယှက် စော်ကားလာတာ ဖြစ်တယ်။ ဝါသဝသည် သာသနာဖျက်တဦးသာလျှင် ဖြစ်တယ်။ ရဟန်းနဲ့တူတဲ့ အသွင်အပြင် တခုမှမရှိတော့ဘူး။ သင်္ကန်းပတ်ထားတာသာလျှင် ဖြစ်တယ်။ ဒါ့ကြောင့် ကမ္ဘာကိုသိအောင်ပြောရမယ်ဆိုရင် ဝါသဝရဲ့ အပြောအဆို အပြုအမူ လက်ရှိလုပ်ရပ်တွေဟာ ဗုဒ္ဓဘာသာ သာသနာနဲ့ လုံးဝမပတ်သက်ပါဘူး။ ဗုဒ္ဓဘာသာ ရဟန်းထု တရပ်လုံးကလည်း လုံးဝလက်ခံလို့ရတဲ့ အရာလည်း မဟုတ်ဘူး။ ဗုဒ္ဓရဲ့လမ်းစဉ် မဟုတ်ဘူးလို့ဘဲ ဖြေကြားအပ်ပါတယ်။”

ဇွန် ၁၉ ရက်မှာ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်တာကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူပြီးနောက် ရဟန်းသံဃာတွေက ကံဆောင်သပိတ် ဆင်နွှဲခဲ့ကြတာပါ။

လက်ရှိအချိန်အထိ ကံဆောင်သပိတ်ပြုထားတဲ့ မြို့နယ်ပေါင်း ၂၆ မြို့နယ်အထိ ရှိနေပြီး အများစုဟာ စစ်ကိုင်းတိုင်းထဲကမြို့နယ်တွေ ဖြစ်ပါတယ်။

ဆရာတော် ဦးဃောသိတသာရ(မှော်ဘီ) က “မကောင်းတာတွေကို ကြံစည်တယ်၊ မကောင်းတာတွေကို ပြောတယ်၊ မကောင်းတဲ့အလုပ်တွေကို လုပ်တယ်ဆိုရင် ဒါဆို လူမိုက်စစ်စစ်ပဲတဲ့။ ခု ဝါသဝဟာ အဲ့လိုလူမျိုးပဲ။ ဒါကြောင့်မို့ ဦးဇင်းတို့ သာသနာမှာ မရှိသင့်တဲ့ပုဂ္ဂိုလ်၊ မထားသင့်တဲ့ပုဂ္ဂိုလ်ပါပဲ။ ဦးဇင်းတို့ ဗုဒ္ဓဝါဒကတော့ ဓမ္မစစ်စစ်နဲ့ မေတ္တာကို အခြေခံတဲ့ဝါဒ၊ ဦးဇင်းတို့ပြောမယ်ဆို စာနာမှုအပြည့်အဝရှိတဲ့ ဝါဒ၊ ဒီဝါသဝလို ပုဂ္ဂိုလ်မျိုးကတော့ ဦးဇင်းတို့ဗုဒ္ဓဝါဒနဲ့ ဘယ်လိုမှ မတိုက်ဆိုင်တဲ့ ဝါဒပါ၊ ဝါသဝကတော့ သီးသန့် အကြမ်းဖက်ပါပဲ” လို့ မိန့်ပါတယ်။

ဩဂုတ် ၇ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင် ပြည်သူ့စစ်(ပျူစောထီး) သင်တန်းဆင်းပွဲမှာ ၅၅၀ ကိုယ်တော်လို့ လူသိများတဲ့ ဝါသဝကိုယ်တော်က သင်တန်းသားတွေအနေနဲ့ သတ်ရဲဖြတ်ရဲရှိဖို့နဲ့ ပြတ်ပြတ်သားသား ဆောင်ရွက်ကြဖို့ မိန့်ခွန်းပြောဆိုခဲ့သူပါ။

ရှမ်းမြောက်ဒေသကို ဗုံးကြဲတိုက်ခိုက်ဖို့နဲ့ မြေကျန်ရင် ရပြီဆိုပြီးတော့လည်း သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဝါသဝကိုယ်တော်ဟာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ကိုယ်တော်တပါးဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် နယ်တွေမှာ ပျူစောထီးအင်အား အများအပြားနဲ့ စစ်ကောင်စီဘက်က ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013