DVB Logo
Home
မြန်မာသတင်း
ဟိုပုံးနှင့်ဖယ်ခုံတွင် ရေကြီးမြေပြို၊ နေအိမ်အများအပြား မျောပါပြီး လူ ၆ ဦးထက်မနည်း ပျောက်ဆုံး
DVB
·
September 12, 2024
ဟိုပုံးနှင့်ဖယ်ခုံတွင် ရေကြီးမြေပြို၊ နေအိမ်အများအပြား မျောပါပြီး လူ ၆ ဦးထက်မနည်း ပျောက်ဆုံး
1 / 5
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ခြေရှိ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်ပြီး ရေကြီး၊ မြေပြိုတာတွေကြောင့် နေအိမ် အမြောက်အမြားပျက်စီးပြီး  ကလေးသူငယ်အပါအဝင် လူ ၆ ဦးထက်မနည်း ရေထဲမျောပါ ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

မဲနယ်တောင်ဒေသမှာ စက်တင်ဘာ ၇ ရက်ကတည်းက မိုးစတင်ရွာနေပြီး ၉ ရက်နေ့မှာတော့ တောင်ကျရေနဲ့ အနီးနားက ချောင်းရေတွေ ရွာထဲစဝင်လာတယ်၊ ၁၀ ရက်နေ့ညပိုင်းမှာ အခြေအ နေ ပိုဆိုးလာပြီး  မိသားစုဝင်နဲ့ လူနေအိမ်ခြေတွေ ရေထဲမျောပါသွားတာလို့  စံဖူးရွာသား ခွန်ဩဘာက  DVB ကို ပြောပါတယ်။ 

“ရေကြီးမြေပြိုခံရတဲ့ ရွာတွေက စံဖူးကျေးရွာအုပ်စုထဲက လုဲင်းကင်၊ စံဖူး၊ ဗန်းစောက် စတဲ့ ရွာတွေပါခင်ဗျ။ ကျနော်တို့ရွာမှာဆို လူကြီး ၂ ယောက်၊ ကလေး ၂ ယောက် သူတို့အိမ်ပေါ် မြေပြိုကျပြီး ရေထဲမျောပါသွားတယ်၊  ၁၀ ရက်နေ့ည ၉ နာရီကျော်က။ သူတို့အိမ်က တောင်စောင်းမှာ ဆောက်ထားတော့ အခြေအနေမကောင်းဘူး ခင်ဗျားတို့ ဒီညရွှေ့ရင် ကောင်းမယ်လို့ အိမ်လည်သွားတဲ့ ဦးလေးတယောက်ကပြောတယ်၊ အဲလိုပြောပြီး ထွက်လာတာ ဘာမှမကြာဘူး၊  မြေပြိုသံတွေကြားရတာ၊ သူတို့အော်ပြီး အကူအညီတောင်းသံ ကြားရတယ်။ ရေတွေဒလဟောစီးလာတော့ ဘယ်လိုမှ ပြန်သွားကယ်လို့မရဘူး၊ စိတ်မကောင်းစွာနဲ့ပဲ ပြန်ခဲ့ရတယ်လို့ ပြောတယ်။”

မြေပြိုတဲ့အထဲ ပါသွားသူတွေမှာ ခွန်တင်ထူး နဲ့ နန်းခမ်းရိန်းတို့လင်မယား၊ ၁၀ နှစ်အောက် ကလေးတယောက်နဲ့ ၁၂ နှစ်ရွယ် ကလေးတယောက်ဖြစ်ကြောင်း၊ ၁၂ နှစ်ရွယ်ကလေးက မိဘတွေ ထိုင်းမှာ အလုပ်သွားလုပ်ပြီး ကလေးကို သူတို့ဆီမှာ အပ်ထားတာလို့ ဆိုပါတယ်။ 

သူတို့နေတဲ့အပိုင်းမှာ ရေကြီးနေလို့ မနေ့ (စက်တင်ဘာ ၁၁ ရက်) ကလည်း လိုက်ရှာလို့ မရကြောင်း၊  ရေပြင်မှာ ပေါလောပေါ်နေတဲ့ အဝတ်အစားတွေလှမ်းမြင်ရတယ်၊ ဒါပေမဲ့ ကယ်ဆယ်ရေးပစ္စည်းမရှိတော့ သွားကြည့်လို့မရဘူး၊ ဒီနေ့ စက်တင်ဘာ ၁၂ ရက်မှာ ရေနည်းနည်းကျသွားလို့  ရွာသူကြီးနဲ့ ရွာသားတွေ လိုက်ရှာနေကြတယ်၊ အဲဒီဘက်မှာတောာ့ ပရဟိတအဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေလည်းမရှိဘူးလို့ ဆိုပါတယ်။ 

စံဖူးရွာသား ခွန်ဩဘာက “ကျနော်တို့ဆီမှာတော့ ဘာကယ်ဆယ်ရေးအဖွဲ့မှမရှိပါဘူး၊ တခုခုဖြစ်ရင် ရွာသားချင်းချင်းပဲ ကူညီရတယ်။  မြို့ပေါ်က တာဝန်ရှိသူတွေလည်း မလာနိုင်ပါဘူး၊ ဟိုပုံး - စငေါ -  စံဖူး ရွာကြားမှာ မြေပြိုပြီး လမ်းပိတ်နေတာ သုံးလေးနေရာတောင်ရှိတယ်ခင်ဗျ။”

ဒါ့အပြင် ဗန်းစောက်ကျေးရွာမှာလည်း နေအိမ် ၆ လုံး နဲ့ လူ ၂ ယောက် ရေထဲမျောပါသွားကြောင်း၊ လုဲင်းကင် (လီဆူ - အရက်ချက်ရွာ) မှာလည်း အိမ်တွေအများကြီး ရေထဲမျောပါသွားကြောင်း၊ အဲဒီရွာက အိမ်ခြေ ၇၀ လောက်ရှိတဲ့အထဲက ခိုင်ခံ့တဲ့တိုက်အိမ် ၁၀ လုံးလောက်ပဲ ကျန်တယ်ဆိုပြီး အဲဒီရွာကအသိတယောက်က ဖုံးဆက်လာတယ်လို့ ဒေသခံ ခွန်ဩဘာက ပြောသွားပါတယ်။

ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ်ထဲမှာလည်း မိုးအဆက်မပြတ်ရွာသွန်းကာ  တောင်ကျချောင်းရေ ရုတ်တရက်ကြီးလာတာကြောင့် စစ်ဘေးရှောင်တဲအိမ်တွေ ရေထဲမျောပါကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်းယာကီရဲ့ နောက်ဆက်တွဲကြောင့်  ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် တောင်ကျချောင်းရေတွေ ရုတ်တရက်ကြီးလာတယ်လို့ ဆိုပါတယ်။

ရေကြီးတဲ့အတွက် လူဦးရေ ၉၀၀ ကျော်နေထိုင်တဲ့ သိကျိတ်ရွာက ကရင်နီစစ်ဘေးရှောင်တဲအိမ် အများစု ရေထဲမျောပါပျက်ဆီးသွားတဲ့အပြင် စစ်ဘေးရှောင်တချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ် ကုန်စည်စီးဆင်းနေတဲ့ လမ်းကြောင်းတခုဖြစ်တဲ့ တောင်ငူ၊ လိပ်သို၊ ယာဒိုလမ်းမှာလည်း မိုးရွာသွန်းတာကြောင့် တောင်ကျရေကြီးလာပြီး ယာဒိုစစ်ဘေးရှောင်စခန်းက လူနေတဲအိမ် ၁၀ လုံးကျော် ရေမျောပါတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတယောက်က ပြောပါတယ်။

တိုင်ဖွန်းမုန်တိုင်းယာကီ နောက်ဆက်တွဲကြောင့် တနိုင်ငံလုံး မိုးများပြီး  တိုင်းနဲ့ ပြည်နယ်အများစုက ကုန်မြင့်ဒေသတွေအပြင် မြေပြန်လွင်ပြင်တွေမှာပါ ရေကြီးရေလျံမှုတွေဖြစ်ပွားနေတာပါ။‌ မြို့ရွာတွေ ရေနစ်မြုပ်တာနဲ့ ကြုံတွေ့နေရပြီး အရေပေါ်အကူအညီလည်း လိုအပ်နေပါတယ်။ 

ဒီရက်ပိုင်းအတွင်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွားပြီး နေရာကွက်ပြီး မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်နိုင်တာကြောင့် ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနတွေက သတိပေးဖော်ပြထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013