မြောက်ကိုရီးယားနိုင်ငံ၊ ပြုံးယမ်းမြို့မှာ ကျင်းပတဲ့ မုန့်ပြပွဲတခုမှာ ဒုံးကျည်တွေ၊ တင့်ကားတွေနဲ့ ဖျက်သင်္ဘော ပုံစံ လုပ်ထားတဲ့ သကြားလုံးတွေကို ခင်းကျင်းပြသခဲ့ပါတယ်။
၆ ကြိမ်မြောက် အချိုပွဲနဲ့ ဘီစကစ် ရုပ်တုပြပွဲကို ချုန်းလျူ စားသောက်ဆိုင်မှာ ဧပြီ ၈ ရက်မှ ၁၀ ရက်အထိ ကျင်းပခဲ့တာလို့ မြောက်ကိုရီးယားသတင်းဌာန KCNA က ဆိုပါတယ်။
KCNA က ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာတော့ ဖွင့်ပွဲအခမ်းအနားကို အာဏာပိုင်တွေ တက်ရောက်လာခဲ့ကြပြီး ဧည့်သည်တွေဟာ ဒုံးကျည်တွေ၊ တင့်ကားတွေနဲ့ စစ်သင်္ဘော ပုံစံတွေ အပါအဝင် ကိတ်မုန့်နဲ့ သကြားလုံး ပုံသဏ္ဍာန်အမျိုးမျိုးကို လာရောက်ကြည့်ရှုနေတာကို တွေ့မြင်ရပါတယ်။
ပြပွဲမှာ ပါဝင်သူ အသက် ၃၆ နှစ်အရွယ် ဂျန်ဆူးယန်က သူတို့ဟာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို အစစ်နဲ့အတိုင်း တထပ်တည်းတူအောင် အဓိကထားပြီး လုပ်ခဲ့တာလို့ ပြောပြပါတယ်။
“လာကြည့်တဲ့သူတွေက အစစ်လား၊ အတုလားတောင် မခွဲခြားနိုင်ဘူးလို့ ပြောကြတယ်။ တချို့ဆိုရင် ဒီမက်မွန်သီးလေးတွေကို ခူးတောင်စားချင်တယ်လို့ ပြောကြပါတယ်။ ကျမတို့ တော်တော်လေးကို (Review ကောင်းကောင်း) တွေ ရနေပါတယ်။”
ပြပွဲမှာ ပါဝင်သူ အသက် ၂၇ နှစ်အရွယ် ယူဂျောင်း ကလည်း “အခုဆိုရင် ပြည်တွင်းဖြစ် မုန့်တွေက နိုင်ငံခြားဖြစ် သွင်းကုန်တွေထက်စာရင် ပိုပြီး အနုပညာမြောက်လာတာကို တွေ့ရပါတယ်။ ဒါကို သင်ခန်းစာယူပြီးတော့ နောက်နောင်မှာ ပိုကောင်းအောင် ကြိုးစားသွားပါဦးမယ်” လို့ ပြောပါတယ်။
ဒီပြပွဲမှာ အများပြည်သူဆိုင်ရာ စားသောက်ကုန်လုပ်ငန်းတွေနဲ့ မုန့်စက်ရုံတွေက ပြုလုပ်ထားတဲ့ အချိုပွဲနဲ့ ဘီစကစ်ရုပ်တုပေါင်း ၉၀၀ ကျော်ကိုလည်း ပြသခဲ့ပါတယ်။
Source: Reuters











