DVB Logo
Home
မြန်မာသတင်း
အမျိုးသားညီညွတ်ရေးအစိုးရသို့ အိတ်ဖွင့်ပေးစာ
DVB
·
September 12, 2024
အမျိုးသားညီညွတ်ရေးအစိုးရသို့ အိတ်ဖွင့်ပေးစာ
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်တွင်ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှု ဖြစ်ရပ်တွင် နစ်နာခဲ့ရသူ Alice လေးအတွက် တရားမျှတမှုနှင့် ပံ့ပိုးမှုအတွက် အရေးပေါ်လှုပ်ရှားမှု လိုအပ်နေသည်။ စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၄ ခုနှစ် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ၂၀၂၃ ခုနှစ် ဧပြီလက ဖြစ်ပွားခဲ့သည့် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ပြီး ဓမ္မတာနှင့် ဆန့်ကျင်ကျူးလွန်မှုအပေါ် ချက်ချင်း အရေးယူဆောင်ရွက်ပေးပါရန် ကျွန်ုပ်တို့ နယ်ပယ် အသီးသီး၊ ဒေသအသီးသီးရှိ ၁၆၇၉  ဦး၏ စုစည်းမှုဖြင့် အိတ်ဖွင့် ပေးစာ ပေးပို့အပ်ပါသည်။

အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ ပါဝင်ခဲ့သဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာရသည့် တက္ကသိုလ် ဆရာမတစ်ဦး၏ ကလေးငယ်ကို အသက် ၆၀ အရွယ် ဦးအောင်မင်း ဆိုသူက ရက်ရက်စက်စက် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဤပြင်းထန်လှသော ရာဇဝတ်မှုအတွက် တရားမျှတမှုကို အလျင်အမြန်ဆောင်ကြဉ်းပေးရန်နှင့် ကျူးလွန်ခံရသည့် ကလေးငယ်နှင့် မိသားစုကို လုံလောက်သော ပံ့ပိုးကူညီမှုများ ပေးအပ်ရန် လိုအပ်ပါသည်။ အဆိုပါ အမှုကိစ္စကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီးနှင့် ကလေးသူငယ် ဝန်ကြီးဌာနနှင့် ကလေးမြို့နယ် ပြည်သူ့ရဲ့တပ်ဖွဲ့(တောင်ပိုင်း)တွင် (ပ)၁၅/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၇နဲ့ တရားလိုပြုအမှုဖွင့်လှစ်ခဲ့သော်လည်း လုံလောက်ပြီး အဓိပ္ပာယ် ပြည့်ဝသည့် အရေးယူမှုမျိုး မတွေ့ရှိရသေးပါ။

ယင်းအစား ကျူးလွန်ခံရသူများကို နှုတ်ပိတ်ရန် ကြိုးပမ်းခြင်း၊ ကလေးငယ်ကို လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မပေးခြင်း၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်ရန်အတွက် သင့်တော်မှန်ကန်သည့် ပံ့ပိုးကူညီမှုများ မရှိခြင်းစသည်တို့ကိုသာ တွေ့ရှိနေရပါသည်။

ကျွန်ုပ်တို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးကို အောက်ပါ အရေးယူမှုများကို ချက်ချင်း ပြုလုပ်ရန် တောင်းဆိုအပ်ပါသည်။

၁။ တရားမျှတမှုကို ချက်ချင်း ရရှိစေရန် - ပြစ်မှုကျူးလွန်သူ ဦးအောင်မင်းအား တရားစွဲဆိုမှုများ အရှိန်မြှင့်ပြီး တရားမျှတမှုရရှိစေရေး အလျင်အမြန် ဆောင်ရွက်ပေးပါရန်။ ဤကိစ္စတွင် နှောင့်နှေးမှုများသည် လက်ခံနိုင်ဖွယ် မရှိသည့်အပြင် လူအများ၏ ယုံကြည်မှုကို ပျက်ပြားစေပါသည်။

၂။ ကလေးငယ်နှင့် မိသားစုကို အကာအကွယ်ပေးရန် - ကလေးငယ်နှင့် မိသားစုအား ချက်ချင်း အကာအကွယ်ပေးပါရန်။ ၎င်းတို့အား မည်သည့်အန္တရာယ်နှင့် ခြိမ်းခြောက်မှု သို့မဟုတ် နောက်ထပ် ထိခိုက်မှုများမှ အကာအကွယ်ပေးရမည်‌ဖြစ်ပြီး ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ပေးအပ်ရန် လိုအပ်ပါသည်။

၃။ ဘက်စုံပံ့ပိုးကူညီပေးပါရန် - ကလေးအတွက် ဒဏ်ရာနှင့် စိတ်ဒဏ်ရာများကို ဖြေရှင်းရန်အတွက် ဆေးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုအတွက် အရေးပေါ်စီစဉ်ပေးပါရန်။ ကလေး၏ ကျန်းမာရေးနှင့် ပြန်လည်ကောင်းမွန်လာရေးသည် ထိပ်တန်းဦးစားပေး ဖြစ်ရမည်။

၄။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ရှိရန် - စုံစမ်းစစ်ဆေးမှုနှင့် အရေးယူဆောင်ရွက်မှုများ၏ အပြောင်းအလဲ တိုးတက်မှုအပေါ် အများသူငှာကို ပုံမှန် အသိပေးပါ။ အဆိုပါ လုပ်ငန်းစဉ်တွင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် တရားမျှတမှု ခိုင်ခိုင်မာမာရရှိရန် အရေးကြီးပါသည်။

၅။ ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ အစီအမံများ ခိုင်မာအားကောင်းရန် - ယခု ဖြစ်ရပ် ကဲ့သို့သော ရာဇ၀တ်မှုများကို တားဆီးရန်နှင့် ကလေးသူငယ်များကို ကာကွယ်ရန် ခိုင်မာသော အစီအမံများကို အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပါ။

ယခုဖြစ်ရပ်သည် ထိခိုက်လွယ်သော ကလေးသူငယ်များအပေါ် အကာအကွယ် ပေးရန် ပျက်ကွက်မှုကို မီးမောင်းထိုး ဖော်ပြလျက်ရှိပါသည်။ ပြစ်မှုကျူးလွန်သူကို တာဝန်ခံစေရန်နှင့် ကလေးငယ်နှင့် မိသားစုအတွက် လိုအပ်နေသော တရားမျှတမှု၊ ပံ့ပိုးမှုနှင့် အကာအကွယ်များ ရရှိကြောင်း သေချာစေရန်အတွက် ပြတ်ပြတ်သားသား လုပ်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရကို ကျွန်ုပ်တို့အနေဖြင့် လေးလေးနက်နက် တောင်းဆိုအပ်ပါသည်။ အရေးယူမှုများကို ချက်ချင်းဆောင်ရွက်ရန်အချိန်ရောက်ပြီဖြစ်ပါသည်။ ထိခိုက်ခံစားရသည့် နစ်နာသူများအနေဖြင့် တရားမျှတမှုနှင့် ပံ့ပိုးကူညီမှုများ ရရှိရန်အတွက် ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းမှာ မဖြစ်သင့်ပါ။ ဤကိစ္စရပ်တွင် ထိရောက်စွာ အရေးယူခြင်းဖြင့် ကလေးများအားလုံး၏ အခွင့်အရေးနှင့် လုံခြုံမှုကို ကာကွယ်ရန် အမျိုးသားညီညွတ်ရေး အစိုးရ၏ ကတိကဝတ်ကို ပြသရန် လူပေါင်း ၁၆၇၉ ဦးက လက်မှတ်ရေးထိုး တိုက်တွန်းအပ်ပါသည်။

By Justice For Alice Coalition

စက်တင်ဘာ ၁၀ ရက်၊ ၂၀၂၄

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013