DVB Logo
Home
Lead Story
ဂွါတီမာလာ ကန်ကြီးအလယ်က အမှိုက်ကျွန်းအကြောင်း
DVB
·
September 12, 2024
ဂွါတီမာလာ ကန်ကြီးအလယ်က အမှိုက်ကျွန်းအကြောင်း
Donate to DVB

‌ဂွါတီမာလာရှိ ၁၂ ကီလိုမီတာ အရှည်ရှိတဲ့ ရေကန်ကြီးရဲ့ အလယ်မှာတော့ ပလတ်စတစ်တွေ၊ တာယာအဟောင်းတွေ၊ ဆိုဖာအစုတ် စတဲ့ အမှိုက်တွေအပြင် လူနဲ့ တိရစ္ဆာန်တို့ရဲ့ အညစ်အကြေးတွေ စုပုံနေပါတယ်။ ဒီရေကန်ကြီးမှာ ငါးဖမ်းတဲ့သူ အများအပြားရှိပြီး အဲဒီငါးတွေကို ရေကန်ဝန်းကျင်က လူတွေက ဝယ်ယူစားသောက်ကြပါတယ်။ ဒီလို အမှိုက်တွေနဲ့ ဖုံးနေတဲ့ ရေကန်ကြီးက ငါးတွေကို စားတာက ကျန်းမာရေးအတွက် နောက်ဆက်တွဲ အကျိုးအပြစ်တွေကို လူတွေက စိုးရိမ်လာကြပါတယ်။ ရေကန်ကြီးကငါးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ရတယ်လို့ AMSA ဝန်ထမ်း ဂျီမီနက်ဇ်က ပြောပါတယ်။

“ရေကန်ကြီး တနေ့တခြား ပိုပြီး ညစ်ပတ်လာတာကို လူတွေ သတိပြုရမှာပါ။ ဒီရေကန်မှာ ငါးမျှားတဲ့သူတွေရှိပြီး သူတို့ဆီကငါးတွေ ကျနော်တို့ ဝယ်စားနေရပါတယ်။ သဘာဝကန်ဖြစ်လို့ ဒီငါးတွေက ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ ဒါပေမဲ့ အခုလို အမှိုက်တွေများနေလို့ လူတွေကို ထိခိုက်နိုင်မလားဆိုပြီး စိုးရိမ်မိပါတယ်။ အမှိုက်ပစ်ခကို လူတိုင်းပေးနိုင်ပါတယ်။ တလ အမှိုက်ပစ်ခ ပီဆို ၄၀၊ ၅၀ လောက်ကို ဒီကလူတွေက မပေးချင်ကြပါဘူး”

ရေကန်ကြီးထဲမှာ အမှိုက်တွေ များလာတာက ကန်ရဲ့ ရေအရည်အသွေးကို ထိခိုက်စေပါတယ်။ ရေရဲ့အရောင်က အစိမ်းရောင်ဖြစ်နေတယ်လို့ အမှိုက်ရှင်းလင်းရေးအဖွဲ့ မန်နေဂျာ ဂျီယိုဗာနီက ပြောပါတယ်။

“ကျနော်တို့ ဒီရေကန်ကြီးကို အရင်လို သန့်ရှင်းလှပအောင် ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်။ တနေ့မှာ ကျနော်တို့ ရည်ရွယ်ထားတဲ့အတိုင်း ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခုအချိန်မှာတော့ ဒီရေကန်ကြီးမှာ ရွှံတွေနဲ့ အမှိုက်တွေနဲ့ ပြည့်နေပါတယ်”

သန့်ရှင်းရေးလုပ်ဖို့ AMSA အေဂျင်စီဖွဲ့ထားပြီး ကန်ထဲမှာရှိတဲ့ တန်နဲ့ချီတဲ့ အမှိုက်တွေကို ဖယ်ရှားဖို့ ကြိုးစားရပါတယ်။ ဒီရေကန်ကြီးထဲမှာ မီတာ ၂,၀၀၀ အရှည်ရှိတဲ့ အမှိုက်တွေက သန္တာကျောက်တန်းကြီးလိုမျိုး ရေမျက်နှာပြင်ပေါ်မှာ ဖုံးလွှမ်းနေတာ ဖြစ်ပါတယ်။ AMSA ရဲ့ အဆိုအရ ၂၀၂၄ ခုနှစ်အတွင်း အမှိုက်တွေဟာ ကုဗမီတာ ၅,၄၂၀ ရှိတယ်လို့ သိရပါတယ်။ ဒီရေကန်ထဲကို စီးဝင်တဲ့ မြစ်တွေကလည်း အမှိုက်တွေပါလာတတ်လို့ ကန်ရေကို ပိုပြီး ညစ်ညမ်းစေပါတယ်။ ရေကန်ကို သန့်ရှင်းရေးလုပ်ပေမဲ့ အမှိုက်တွေ ပြန်ရောက်လာတာကြောင့် မထိရောက်ဘူး ဖြစ်နေတယ်လို့ ဂျီယိုဗာနီက ပြောပါတယ်။

“ရေကန်ထဲမှာ ဖော့လိုမျိုး ပစ္စည်းတွေ၊ ခွေးတွေရဲ့ မစင်တွေ တွေ့ရတတ်သလို တခါတလေ လူသေအလောင်းတွေပါ တွေ့ရပါတယ်။ ရေကန်ထဲက အမှိုက်ဆယ်တာကို ဆောင်းရာသီမှာ ပုံမှန်ပြုလုပ်လေ့ရှိပြီး အခုအချိန်ကတော့ မိုးများလို့ နားထားပါတယ်။ ရေကန်ထဲက အမှိုက်တွေ ဆယ်ယူရှင်းလင်းပြီးတာနဲ့ နောက်နေ့ဆို အမှိုက်တွေ ၁၀၀ လောက် ပြန်ရောက်နေပါတယ်။”

ရေထဲမှာ အမှိုက်တွေများလာလို့ နိုက်ထရိုဂျင်ဓာတ်များလာပြီး ရေအရောင်ကလည်း အပြာ၊ အစိမ်းရောင် ပြောင်းလဲနေကာ အဆိပ်ဓာတ်တွေ ထုတ်ပေးတာကြောင့် ရေသန့်ရှင်းမှုကို အထောက်အကူပြုတဲ့ ရေမှော်လိုမျိုး အပင်တွေလည်း သေကုန်ပါတယ်။ အရင်တုန်းက ကြည်လင်နေတဲ့ရေနဲ့ လှပနေတဲ့ ရေကန်ကြီးနဲ့ အခုအချိန် အမှိုက်တွေနဲ့ ပြည့်နေပုံကို နှိုင်းယှဉ်ပြီး ခရီးသွားလှေမောင်းတဲ့ ဒီလာခရုဇ်က ပြောပါတယ်။

“ဒီကန်ကြီးကိုကြည့်ပြီး ကျနော့်ဘိုးဘွား၊ မိဘတွေနဲ့ ဒီကိုလာခဲ့တဲ့ ငယ်ဘဝကို သတိရပါတယ်။ အရင်တုန်းကဆို ဒီရေကန်ကြီးရဲ့ရေဟာ ကြည်လင်နေပြီး အရမ်းလှတဲ့ ရေကန်ကြီး ဖြစ်ခဲ့ပါတယ်။ အခုတော့ ဘာလို့များ ပျက်စီးကုန်လဲဆိုတာ ကျနော်မသိပါဘူး။ ရေကန်ကြီးကို ဒီလိုမြင်ရတာက ရှက်စရာကောင်းပါတယ်”

၂၀၀၆ ခုနှစ်ကတည်းက ကန်ရေမှာ နိုင်ထရိုဂျင်ဓာတ်ပါဝင်မှုကို ထိန်းချုပ်နိုင်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပြီး စည်ပင်ကလည်း ကန်ရေကို အထောက်အကူပြုမယ့် အပင်တွေ စိုက်ပျိုးဖို့ ငွေကြေးကောက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဘတ်ဂျက်အသုံးပြုမှုက အခြားပရောဂျက်တွေအတွက် ခွဲဝေအသုံးပြုခဲ့ရလို့ ရေကန် ပြန်လည်မွမ်းမံထိန်းသိမ်းဖို့ အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

Source/Photo- Reuters 

အေဇက်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013