
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ရွှေဘိုအကျဉ်းထောင်ထဲမှာ အကျဉ်းသားတွေရဲ့ အိပ်ဆောင်တွေအတွင်းထိ CCTV ကင်မရာတွေ တပ်ဆင်ပြီး ထောင်အာဏာပိုင်တွေက ၂၄ နာရီပတ်လုံး စောင့်ကြည့်ကာ လူ့အခွင့်အရေးချိုးဖောက် ဖိနှိပ်နေတယ်လို့ ပြန်လွတ်လာတဲ့ အကျဉ်းသားတွေဆီက သိရပါတယ်။
၂၀၂၅ ခုနှစ် အစောပိုင်းကစပြီး လုံခြုံရေး အကြောင်းပြချက်နဲ့ အခုလို ကင်မရာတွေတပ်ခဲ့ပြီး အကျဉ်းသား၊ အကျဉ်းသူတွေရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ ဆိုပါတယ်။
အဲဒီအပြင် ထောင်အာဏာပိုင်တွေဟာ အကျဉ်းသားတွေရဲ့ အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ အစားအသောက်၊ သောက်သုံးရေနဲ့ ကျန်းမာရေးစောင့်ရှောက်တာတွေကိုလည်း လုံလောက်အောင် မပေးဘူးလို့ ရွှေဘိုမြို့ခံ အကျဉ်းသူဟောင်းက ပြောပါတယ်။
၂၀၂၆ ခုနှစ်ထဲမှာတော့ အသားဟင်းကျွေးတဲ့ရက်တွေမှာတောင် အကျဉ်းသားတယောက်ကို ကြက်ဥတလုံးသာ ရကြပြီး အလုပ်ကြမ်း မလုပ်ချင်ရင် ငွေကျပ် ၂ သိန်းပေးရသလို အိပ်ရာ နေရာကောင်း ချင်ရင်လည်း ကော်ဖီထုပ်တွေနဲ့ လာဘ်ထိုးနေရတယ်လို့ ဆိုပါတယ်။
ရွှေဘိုထောင်ထဲမှာ အဝီစိရေကိုသာ သောက်သုံးနေရတဲ့အတွက် အကျဉ်းသားအတော်များများ ဆီးကျောက်တည်တာနဲ့ ကျောက်ကပ်ဝေဒနာတွေကို ခံစားနေရပါတယ်။
ဒါ့အပြင် ရေချိုးဖို့လည်း အဆင်မပြေတဲ့အတွက် ၂ ရက်မှ တခါသာ ရေချိုးခွင့်ရပြီး ပွေး၊ ဝဲ၊ ညှင်း လို အရေပြားမှိုစွဲရောဂါတွေလည်း အကြီးအကျယ် ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အခုလို ရောဂါတွေဖြစ်နေပေမဲ့ ဆေးဝါးပြည့်စုံအောင် မပေးတဲ့အတွက် အကျဉ်းသားတွေဟာ ဆားနဲ့ နနွင်းကိုသာ ဆေးအဖြစ် အားကိုးပြီး လိမ်းနေရတယ်လို့ ဝက်လက်မြို့ခံ အကျဉ်းသူဟောင်း တယောက်က ပြောပါတယ်။
လစဉ် တပ်နယ်မှူး လာရောက်စစ်ဆေးတဲ့ရက်တွေ ဆိုရင်လည်း အကျဉ်းသားတွေဟာ ထမင်းငတ်တဲ့ ဒုက္ခကို ခံကြရသလို ပိုက်ဆံမပေးနိုင်တဲ့သူတွေကိုလည်း CCTV ကင်မရာရှေ့မှာ ဖားခုန်ခိုင်းတာမျိုးတွေနဲ့ အလုပ်တွေ ပိုလုပ်ခိုင်းပြီး နှိပ်စက်နေတယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။
လက်ရှိ ရွှေဘိုအကျဉ်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ မတရားဖမ်းဆီးခံထားရသူ အယောက် ၅၀၀ နီးပါး အပါအဝင် စုစုပေါင်း အကျဉ်းသား ၈၀၀ ကျော် ရှိနေပြီး အဲဒီအထဲမှာ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရသူ အယောက် ၁၀၀ ကျော်လည်း ပါဝင်နေတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။








