DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့တွင် စားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်
DVB
·
September 11, 2024
ပေါက်မြို့တွင် စားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်
Donate to DVB

မကွေးတိုင်း၊ ပေါက်မြို့မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေပြီး ဆန်တပြည် ကျပ် ၂၀,၀၀၀ လောက်အထိ ဖြစ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ ဆန်တပြည်ကို ကျပ် ၂၀,၀၀၀၊ စားအုန်းဆီတပိဿာကို ကျပ် ၄၀,၀၀၀၊ ဆား ၂၅ ကျပ်သား တထုပ်ကို ကျပ် ၈,၀၀၀ လောက်အထိ ရှိနေပြီး တခြားကုန်ပစ္စည်းတွေနဲ့ စက်သုံးဆီဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ စားဝတ်နေရေး ခက်ခဲလာကြတယ်လို့ ပေါက်မြို့ခံတွေက ပြောပါတယ်။

ပေါက်မြို့ခံတယောက်က “ဆန်တို့ ဆီတို့ဆိုတာက ပိုက်ဆံရှိရင်တောင် ဝယ်ချင်တိုင်း ဝယ်မရဘူး။ အစစအရာရာ အကုန်ရှားပါးပြီး ဈေးတွေကြီးနေတာ။ ပိတ်ဆို့ဖြတ်တောက်ခံထားရလို့ အခုလိုတွေ ဖြစ်နေတာ။ ရွာဘက်တွေမှာဆိုရင် ငတ်တဲ့သူတွေ ငတ်ကုန်ကြပြီ” လို့ ပြောပါတယ်။

ဒီလို အစစအရာရာ ကုန်ဈေးနှုန်းကြီးမြင့်ပြီး ပစ္စည်းပြတ်လပ်နေတာကြောင့် မြို့ခံတွေအနေနဲ့ ထမင်းအစား ပဲစေ့ပြုတ်စားနေရကာ မြို့ကိုစွန့်ခွာနေကြသူတွေလည်း ရှိလာတယ်လို့ ပေါက်မြို့ခံတွေထံက သိရပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းနေ ဒေသခံတယောက်က “ဆန်ဝယ်မရလို့ ပဲစေ့ပြုတ်စားနေရတဲ့သူတွေရော ရှိတယ်။ မြို့ပေါ်မှာ အစစအရာရာ ဈေးကြီးပြီး ဝယ်မရတာတွေကြောင့် မြို့ကနေစွန့်ခွာပြီး ထွက်တဲ့သူတွေလည်း ရှိနေပြီ။ ပဲစေ့ပြုတ်စားကြလွန်းလို့လား မသိဘူး။ အဲဒီ ပဲစေ့ဈေးကလည်း တက်လာတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ပေါက်မြို့နယ်ဘက်က ကျေးရွာတွေဟာ ပျူစောထီးကျေးရွာတွေ များတဲ့အတွက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့မှုတွေ ပြုလုပ်ထားတာကြောင့် ကျေးရွာတော်တော်များများမှာ စားနပ်ရိက္ခာ ပြတ်လပ်လာတဲ့အတွက် စစ်ကောင်စီကို လေကြောင်းကနေ ရိက္ခာပို့ပေးဖို့ အကူအညီတောင်းနေကြရတယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

ဒီလို ဈေးနှုန်းကြီးမြင့်မှုတွေနဲ့ အစာရေစာ ပြတ်လပ်လာတဲ့အတွက် ပျူစောထီးကျေးရွာတွေက ဒေသခံတွေဟာ နေထိုင်ရာကျေးရွာတွေကို စွန့်ခွာပြီး တော်လှန်ရေးတပ်ဖွဲ့တွေထံ သွားရောက်ခိုလှုံနေကြရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013