DVB Logo
Home
မြန်မာသတင်း
အပိတ်ခံရသည့်ရွှေ့ပြောင်းမြန်မာကျောင်းမှ ကလေးငယ်များ ထိုင်းကျောင်းတွင်တက်နိုင်ရန် စီစဉ်
DVB
·
September 11, 2024
အပိတ်ခံရသည့်ရွှေ့ပြောင်းမြန်မာကျောင်းမှ ကလေးငယ်များ ထိုင်းကျောင်းတွင်တက်နိုင်ရန် စီစဉ်
Donate to DVB

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းကျောင်းတွေ အပိတ်ခံရတာကြောင့် ကျောင်းသားမိဘတွေ အနေနဲ့ စိတ်ပူပန်နေကြပြီး ထိုင်းအာဏာပိုင်တွေကတော့ အပိတ်ခံထားရတဲ့ကျောင်းက ကလေးတွေကို ထိုင်းအစိုးရကျောင်းတွေမှာ ပညာသင်နိုင်ဖို့ စီစဉ်နေတယ်လို့ ရွှေ့ပြောင်းကျောင်း ပညာရေးအသိုက်အဝန်းက ပြောပါတယ်။

စက်တင်ဘာ ၄ ရက်က ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီခရိုင်၊ ဆူရတ်ဌာနီမြို့မှာ ဖွင့်လှစ်ထားတဲ့ မေတ္တာရိပ် မြန်မာ‌ရွှေ့ပြောင်းကျောင်းကို ထိုင်းအာဏာပိုင်တွေက ပိတ်သိမ်းဖို့ အကြောင်းကြားစာ ပေးပို့ခဲ့ပြီး နောက်ထပ် မြန်မာကျောင်း ၅ ကျောင်းကိုပါ ထပ်မံပိတ်သိမ်းဖို့ ညွှန်ကြားထားပါတယ်။

ထိုင်းနိုင်ငံရဲ့ တည်ဆဲဥပဒေတွေနဲ့ မကိုက်ညီဘဲ စည်းကမ်းချိုးဖောက်သလို ဖြစ်နေတဲ့ မြန်မာရွှေ့ပြောင်းကျောင်း ၆ ကျောင်းကို ပိတ်သိမ်းခိုင်းထားပြီး နောက်ထပ် ရွှေ့ပြောင်းကျောင်းတွေကိုလည်း စစ်ဆေးသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြနေကြပါတယ်။

လက်ရှိမှာတော့ အပိတ်ခံရတဲ့ကျောင်းတွေက ကျောင်းသား ၅၀၀ ကျော်ကို ထိုင်းအစိုးရ ကျောင်းတွေမှာ တက်ရောက်ပညာသင်နိုင်အောင် စီစဉ်နေတယ်လို့ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း-FED ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။

“မနေ့ကတုန်းက ဆူရတ်ဌာနီရဲ့ ပညာရေးဌာန တာဝန်ရှိသူ အင်တာဗျူးမှာ သူတို့အနေနဲ့က အစောပြောတဲ့ မေတ္တာရိပ်ကျောင်းမှာ ကလေး ၁,၂၅၀ ရှိတဲ့ကျောင်းတော့ မဟုတ်ဘူး၊ တခြားကျောင်းလေးတွေက ကျောင်းသား ၅၀၀ ကျော်ကိုတော့ တခြားကျောင်းတွေကိုပို့ဖို့ သူတို့ အကုန်လုံး စီစဉ်ထားပေးတယ်။ အဲဒီမှာရှိတဲ့ အစိုးရကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေရယ်ကိုပေါ့။ အစောတည်းကလည်း တချို့ကျောင်းတွေက နဂိုတည်းက အစိုးရကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေကို ပို့နေတာလည်း ရှိပါတယ်။ အိမ်လေးတွေမှာ ကျိတ်သင်နေတာရှိသလို တချို့ကျောင်းတွေက အပိတ်တော့ မခံရသေးဘူး၊ ဒါပေမဲ့ မသင်ရဲတော့ တကယ့်ကို ငြိမ်ငြိမ်ဆိမ်ဆိမ်နဲ့ပဲ။ အခု လွှတ်တော်အစည်းအဝေးတို့ နောက်ထပ် လူ့အခွင့်အရေးကော်မရှင်က ပို့ထားတဲ့ စာကလည်း ထိရောက်တယ်ဆိုတော့ ထိုင်းအစိုးရ အနေနဲ့ကတော့ ကျနော် အမြဲပြောသလိုပဲ၊ သူတို့ စိစစ်လိမ့်မယ်၊ တခုခုပုံစံမျိုးနဲ့ ပြန်ဖွင့်လို့ရအောင်တော့ သူတို့ စီစဉ်ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ယုံလည်းယုံကြည်ပါတယ်။”

ဖွင့်လှစ်ထားတဲ့ကျောင်းတွေအနေနဲ့ကလည်း ထိုင်းနိုင်ငံရဲ့ ပညာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နိုင်ဖို့ လိုအပ်တယ်လို့ ဆက်ပြောပါတယ်။

ရွှေ့ပြောင်းကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားတွေရဲ့ မိဘတွေအနေနဲ့ကတော့ မြန်မာကျောင်းတွေ ပိတ်သိမ်းခံရတဲ့သတင်းကြောင့် အလွန်စိတ်ပူပန်နေကြောင်း ပြောပါတယ်။

“အများကြီး သောကရောက်တာပေါ့။ ကျမတို့လိုလူတွေက တခုခုဆို ဘယ်သူ့ကို အကူအညီတောင်းလို့ တောင်းရမှန်းတောင် မသိဘူး။ အငယ်လေးဆို မွေးကတည်းက ကျောင်းမတက်ရတဲ့ ကလေးပဲ။ ဒီမှာက လက်ခံတဲ့ကျောင်း ရှိတယ်၊ မြန်မာမွေးစာရင်းပဲ ပါတယ်။ စိတ်ထိခိုက်တယ်‌ပေါ့၊ ကလေးတွေမှာလည်း အပြစ်မှမရှိသလို ကျမတို့ကလည်း မြန်မာပြည်မှာ လူဖြစ်တာလောက်ပဲ ရှိတာပါ၊ အပြစ်က ကျန်တာမရှိပါဘူး။ ကျမတို့က ဧည့်သည်တွေလေ၊ ကျမတို့က အိုးတွေအိမ်တွေပစ်ပြီး ထွက်လာခဲ့ရတာ၊ အများကြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပြီးပြီ၊ အချင်းချင်းတွေလည်း ညှာတာဖို့ လိုပါတယ်” ကျောင်းသားမိဘတယောက်က ပြောပါတယ်။

ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း စက်တင်ဘာ ၈ ရက်က ရွှေ့ပြောင်း ကလေးငယ်တွေရဲ့ သင်ကြားရေးစင်တာတွေ ပိတ်သိမ်းခံရတဲ့အပေါ် စိုးရိမ်ပူပန်ကြောင်းနဲ့  ကလေးတွေရဲ့ အခွင့်အရေးအတွက် အဖြေရှာဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

လက်ရှိ ထိုင်းတနိုင်ငံလုံးမှာ မြန်မာရွှေ့ပြောင်းကျောင်းသားတွေ တက်ရောက်နေတဲ့ ကျောင်းပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး စာရင်းအတိအကျရဖို့ ခက်ခဲပေမဲ့ မြန်မာကျောင်းသား ကျောင်းသူပေါင်း ၈၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြား တက်ရောက် ပညာသင်ကြားနေတယ်လို့ FED ကနေ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013